/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/corona-virus-ကြောင့်-အီတလီမှာ-အထိနာရခြင်း-အကြောင်းရင်း

Corona Virus ကြောင့် အီတလီမှာ အထိနာရခြင်း အကြောင်းရင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အီတလီနိုင်ငံဟာ ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အို ဒုတိယအများဆုံးနိုင်ငံတစ်ခုဖြစ်ပြီး လူကြီးလူငယ်ဆက်ဆံမှုလည်းများတဲ့ နိုင်ငံတစ်ခုပါ။
ကိုရိုနာဗိုင်းရပ်စ် အရှုပ်အထွေးကြီးက နက်သထက်နက်လာတာနဲ့အမျှ ဘယ်အချိန်အထိ အိမ်တွင်းအောင်းနေရမှာလဲ၊ ကပ်ရောဂါဆိုးကြီးဟာ ဘယ်အချိန်မှာ အထွဋ်အထိပ်ကိုရောက်မလဲ၊ စတော့ဈေးကွက် ဘယ်လောက်ထိ လှုပ်ခတ်ဦးမလဲဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။ အခုထိ ပြောနိုင်တာတစ်ခုက ဒီရောဂါဟာ လူကြီးသူမတွေကို အဓိကထိတတ်ပြီး လူငယ်တွေဟာ ဘာလက္ခဏာမှမပြဘဲ လူကြီးတွေဆီကို ရောဂါသယ်ဆောင်သူတွေ ဖြစ်နေနိုင်ပါတယ်။
အီတလီဟာ ဒီကပ်ရောဂါဆိုးကြီးမှာ အင်မတန်အထိနာပြီး လူပေါင်းတစ်သောင်းကျော် အသက်ဆုံးရှုံးနေရပါပြီ။ မနိုင်မနင်းဖြစ်လာတဲ့ ဆေးရုံဝန်ထမ်းတွေဟာလည်း ဘယ်သူကိုတော့ဖြင့် အသက်ကယ်မယ်၊ ဘယ်သူ့ကိုတော့ဖြင့် လက်လွှတ်ခံလိုက်ြပ်ီဆိုပြီး ဆုံးဖြတ်ချက်တွေ ချနေရပါပြီ။ ဒီလိုအထိနာရတဲ့ အကြောင်းရင်းကလည်း အပေါ်မှာ ဆိုခဲ့တဲ့အတိုင်း သက်ကြီးရွယ်အိုတွေများတဲ့အချက်နဲ့၊ လူကြီးလူငယ် ရင်းနှီးကျွမ်းဝင်စွာ ဆက်နွယ်မှုကြောင့်ပဲ ဖြစ်ပါတယ်။
နိုင်ငံလူဦးရေရဲ့ ၂၃% ဟာ သက်ကြီးရွယ်အိုတွေဖြစ်ပြီး တောပိုင်းဒေသမှာ လူငယ်တွေဟာ မိဘဘိုးဘွားတွေနဲ့ တစ်အိမ်တည်း အတူနေကြပါတယ်။ ဒီလူငယ်တွေ မြို့ပေါ်ဆက်အလုပ်လုပ်တဲ့အခါ လူပေါင်းများစွာနဲ့ ထိတွေ့ရပြီး အိမ်ပြန်လာတဲ့အခါ ဘိုးဘွားတွေကို ရောဂါသယ်ဆောင်လာသလို ဖြစ်တော့တာပါပဲ။
ဘာကြောင့်မှန်းတော့ သေချာမသိသေးပေမယ့် သက်ကြီးရွယ်အိုတွေမှာ သေနှုန်းလည်းများပါတယ်။ အကြောင်းရင်းတစ်ချက်ကတော့ သက်ကြီးရွယ်အိုတွေရဲ့ အသက်ရှူလမ်းကြောင်း အားနည်းမှုကြောင့် ဖြစ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါ အထိတွေ့နည်းသေးတဲ့ ကလေးတွေမှာတော့ ဒီရောဂါဖြစ်တာ နည်းတာကို တွေ့ရပါတယ်။
အီတလီတစ်ပြည်လုံးကို ပိတ်ချလိုက်ပြီးပေမယ့်လည်း ဗိုင်းရပ်စ်ပိုးကတော့ အနှံ့အပြား ပျံ့နှံပြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ဒီလိုပိတ်ချလိုက်ခြင်းအားဖြင့် ကူးစက်မှုအသစ်အသစ်တို့ကို ကာကွယ်နိုင်ခြင်း၊ ကာကွယ်မှု၊ ကုသမှု ထွက်ပေါ်လာချိန်ကို စောင့်ဆိုင်းနိုင်ခြင်း၊ ဆေးရုံတွေမှာ ဝန်အားလျော့နည်းစေခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
လူကြီးလူငယ် ခွဲနေခိုင်းခြင်းက သီအိူရီပိုင်းတော့ မှန်နိုင်ပေမယ့် တကယ်တမ်း ကျောင်းတွေပိတ်လိုက်ချိန်၊ မိဘတွေ အလုပ်လုပ်နေရသေးရင် ကလေးထိန်းဖို့က ဘိုးဘိုးဘွားဘွားတို့ပဲ ရှိမှာပါ။
ဒီလေ့လာမှုဟာ အီတလီမှာ ပြုလုပ်တာဖြစ်လို့ တစ်နေရာနဲ့တစ်နေရာတော့ လူဦးရေအချိုးအဆ ကွာခြားနိုင်ပါတယ်။
သက်ကြီးရွယ်အိုတွေ စုဝေးနေတဲ့ ဘိုးဘွားရိပ်သာလိုနေရာမျိုးမှာဆိုရင် လူလူချင်း မထိမတွေ့ ခွဲနေဖို့ ပိုအရေးကြီးလာတာပေါ့။
ဒါပေမဲ့ သက်ကြီးရွယ်အိုလူဦးရေများတိုင်း အထိနာမယ်လို့ မဆိုနိုင်ပါဘူး။ ၆၅ နှစ်ကျော် သက်ကြီးရွယ်အိုလူဦးရေ ၂၈% ရှိတဲ့ ဂျပန်နိုင်ငံမှာ မတ်လ ၂၉ ရက်နေ့အထိ ကိုရိုနာလူနာ (၁,၆၉၃) ယောက်နဲ့ သေဆုံးသူ (၅၂) ယောက်သာ ရှိသေးတဲ့အတွက် ကိုရိုနာလူနာ (၉၂,၄၇၂) ယောက်နှင့်  သေဆုံးသူ (၁၀,၀၂၃) ယောက်ရှိတဲ့ အီတလီနိုင်ငံနဲ့ယှဉ်ရင် အတော်နည်းတယ် ဆိုနိုင်ပါတယ်။ ဒါဟာ စောစီးစွာ စစ်ဆေးပြီး အသွားအလာ ကန့်သတ်နိုင်ခဲ့လို့ပါ။
ဒါကြောင့် ဒါကိုသင်ခန်းစာယူပြီး စောစောစီးစီး ကြိုတင်ကာကွယ်မှုယူဖို့ အရေးကြီးပါတယ်။ သက်ကြီးရွယ်အိုများတဲ့ နေရာဒေသတွေကို ပိုသတိထားပြီး ပိုဆိုးနိုင်တဲ့အခြေအနေကို ကြိုတင်တွက်ဆထားဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)