Covid-19 ကို ကာကွယ်ထိန်းချုပ်နိုင်မည့်ဆေးဝါးများ
အမေရိကန်နိုင်ငံရဲ့ အကြီးစားဆေး Company ကြီးတွေနဲ့ ဇီဝနည်းပညာ Company ကြီးတွေဟာ အခုဆိုရင် Covid-19 ကို တိုက်ဖျက်နိုင်မယ့် အစွမ်းထက်ကုသနည်းတွေကို အပူတပြင်း စူးစမ်းရှာဖွေလျက် ရှိနေကြပါတယ်။
ထိပ်တန်း Company ပေါင်းများစွာကလည်း ကာကွယ်ဆေးကို အပြိုင်အဆိုင် ဖော်ထုတ်နေကြတာဖြစ်ပြီး Drug Giant Johnson & Johnson ကတော့ စက်တင်ဘာလလောက်မှာ လူမှာစတင်စမ်းသပ်ခြင်း ပြုလုပ်နိုင်မယ့် ကာကွယ်ဆေးတစ်မျိုးအကြောင်းကို တနင်္လာနေ့က စတင်ကြေညာပြောကြားခဲ့ပါတယ်။ တစ်လက်စတည်း ၂၀၂၁ အစောပိုင်းလောက်မှာ အရေးပေါ်အခြေအနေမှာ အသုံးပြုနိုင်မယ့် ကာကွယ်ဆေးအရေအတွက် ၁ဘီလီယန်လောက်ကို ထုတ်လုပ်ထားနိုင်မယ်လို့ မျှော်လင့်ထားကြောင်းပါ တင်ပြခဲ့ပါတယ်။
အခြားသော Company များဖြစ်တဲ့ Moderna (MRNA)၊ Novavax (NVAX)၊ Inovio (INO) နဲ့ ဆေး Company ကြီးတစ်ခုဖြစ်တဲ့ Pfizer တို့အနေနဲ့လည်း ကာကွယ်ဆေးကို ရှာဖွေနေပါပြီ။
သို့သော်လည်း ဒီလိုမျိုး ကာကွယ်ဆေးရှာဖွေေနေခြင်းက Covid-19 ကို အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းတစ်ခုတော့ မဟုတ်နိုင်သေးဘူးလို့ ပညာရှင်တစ်ဦးဖြစ်တဲ့ Sergey Young က အဆိုပြုပါတယ်။ Young က Covid-19 ရဲ့ လက္ခဏာတွေကို ကုသရာတွင် အစွမ်းထက်နိုင်မယ့် ဆေးသုံးမျိုးကိုလည်း တင်ပြခဲ့ပါတယ်။
● ပထမတစ်ခုက Remdesivir ဖြစ်ပြီး Ebola နဲ့ ကူးစက်လွယ်သောရောဂါတွေအတွက် အသုံးပြုသော ဆေး ဖြစ်ပါတယ်။
● ဒုတိယကတော့ HIV ဆေးတစ်မျိုးဖြစ်တဲ့ Kaletra ဖြစ်ပြီး Iopinavir နဲ့ Ritonavir ကို ပေါင်းစပ်ထားတဲ့ ဆေး ဖြစ်ပါတယ်။
● တတိယဆေးကတော့ လေးဖက်နာကြောင့် အဆစ်ရောင်ရမ်းခြင်းတွေအတွက် အသုံးပြုတဲ့ Kevzara ဖြစ်ပါတယ်။
လတ်တလောမှာတော့ တရုတ်ကျန်းမာရေးအဖွဲ့အစည်းများအနေနဲ့လည်း လေးဖက်နာအတွက် အဆစ်ရောင်ရမ်းခြင်းကို သက်သာစေမယ့် ဆေးတစ်မျိုးကို Covid-19 လူနာတွေအတွက် အသုံးပြုလို့ ရ၊ မရ စမ်းသပ်လျက် ရှိပါတယ်။
ထိုဆေးများက Covid-19 ရဲ့ အဆိုးရွားဆုံး လက္ခဏာတွေကို သက်သာအောင် ဖြေရှင်းပေးဖို့ကတော့ အားလုံးရဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။
ကမ္ဘာ့ကာကွယ်ဆေး Company များအနေနဲ့လည်း ရောဂါကူးစက်ခြင်းကို ရပ်တန့်နိုင်ဖို့ ရေရှည်အသုံးပြုနိုင်မယ့် အဖြေကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























