Covid-19 ကို နှစ်ခါပြန်ကူးစက်ခြင်း ခံရနိုင်ပါသလား
Covid-19 ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူများအနေနှင့် နောက်တစ်ကြိမ် ပြန်လည်ကူးစက်နိုင်တယ်လို့ Social Media ပေါ်မှ သတင်းများကနေ ကြားသိရပါတယ်။ ဒီသတင်းဟာ တကယ်မှန်ကန်သလား။ ဒီလိုမှန်ကန်တယ်ဆိုပါက နောက်တစ်ကြိမ် မကူးစက်အောင် ဘယ်လိုကာကွယ်သင့်လဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
● ကူးစက်ခံရသူများ သက်သာလာပြီးနောက် ဒီရောဂါအတွက် ကိုယ်ခံအားရရှိပြီဟု ထင်မှတ်ယူဆပြီး ထိုသူတွေကို လုပ်ငန်းခွင်ပြန်ဝင်ရန် ခွင့်ပြုသင်လားလို့ ဆရာဝန်များအနေနှင့် မေးစရာရှိပါတယ်။
● ဒီကိစ္စကိုအဖြေရှာဖို့အတွက် ပဋိပစ္စည်း (antibody) စစ်ဆေးမှု ပြုလုပ်ရန်လိုအပ်ပါတယ်။ ပဋိပစ္စည်း (antibody) ဆိုတာဟ ာကိုယ်ထဲသို့ ဝင်ရောက်လာသော ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် အခြားပိုးမွှားတွေကို တိုက်ထုတ်ဖို့အတွက် ကျွနု်ပ်တို့ရဲ့ ကိုယ်ခံအားစနစ်မှ ထုတ်လုပ်ပေးလိုက်တဲ့ စစ်သားလေးတွေပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ ရောဂါပိုးတစ်ခုခု ဝင်ရောက်လာတာနှင့် တစ်ပြိုင်နက် တိုက်ထုတ်ကြပြီးနောက် သွေးကြောထဲမှာ နေထိုင်ပြီး နောက်တစ်ကြိမ် အလားတူပိုး ထပ်ဝင်ရောက်လာပါက တစ်ကျော့ပြန် တိုက်ခိုက်ပေးပါတယ်။ ဒုတိယအကြိမ်မှာတော့ ထိုဗိုင်းရပ်စ်အကြောင်း သိသွားပြီမို့ အင်တိုက်အားတိုက်နှင့်ကို ပိုမိုမြန်ဆန်စွာ တိုက်ပေးနိုင်ကြပါတယ်။ ဒါကြောင့် နာလန်ထစ လူနာများအနေနှင့် နောက်တစ်ကြိမ် ပိုးထပ်မံဝင်ရောက်မှုကို ခံနိုင်ရည်ရှိကြတာ ဖြစ်ပါတယ်။
● စစချင်း Covid-19 ရောဂါဝင်ရောက်ချိန်မှာဆိုရင် ကိုယ်ခန္ဓာကနေ ရောဂါပိုးကို စတင်တိုက်ခိုက်တဲ့အချိန်မှာ တုပ်ကွေးရောဂါ လက္ခဏာများကနေစပြီး အသက်ရှူလမ်းကြောင်းလက္ခဏာတွေ စတင်ခံစားရမှာ ဖြစ်ပါတယ်။ ဒီလိုဖျားနာကိုက်ခဲပြီး မောပန်းနေခြင်းဟာ ကျွနု်ပ်တို့ရဲ့ ကိုယ်ခံအားစနစ်ကနေ ရောဂါပိုးကို ချေဖျက်နေကြောင်း ပြသနေတာ ဖြစ်ပါတယ်။
● မျှော်လင့်ထားတာကတော့ Covid-19 ကူးစက်ပြီး ပြန်လည်သက်သာလာတဲ့ လူနာများအနေနှင့် နောက်တစ်ကြိမ် Covid-19 ထပ်မံကူးစက်ခံရပါက ပြန်လည်တိုက်ထုတ်နိုင်မယ့် အထူးပဋိပစ္စည်း (antibody) တွေ ထွက်ပေါ်လာဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက နာလန်ထစလူနာများကို လေ့လာချက်အရ ၃၀ ရာနှုန်းသောလူတွေဟာ သူတို့ရဲ့ သွေးရည်ကြည်ထဲမှာ ထိုကဲ့သို့ ပဋိပစ္စည်း (antibody) များ အနည်းအကျဉ်း သို့မဟုတ် လုံးဝမတွေ့ရဘူးလို့ ဆိုပါတယ်။ ဒီလူတွေဟာ သီးခြားကိုယ်ခံအားကြောင့် မဟုတ်ဘဲ မွေးကတည်းက အတိုင်းအတာတစ်ခုအထိ ပါလာတဲ့ ကိုယ်ခံအားစနစ် လုပ်ဆောင်ချက်များကြောင့် ပြန်လည်ကောင်းမွန်သလား ဟု ထင်ရဖွယ်ရှိပါတယ်။
● ဒီလေ့လာချက်ဟာ လူနည်းစုနှင့်သာ ပြုလုပ်ခြင်းဖြစ်လို့ လူအများအပြားနှင့် စမ်းသပ်ဖို့တော့ လိုအပ်ပါသေးတယ်။
● ဒီလို ပဋိပစ္စည်း (antibody) စစ်ဆေးမှုတွေနှင့် ပတ်သက်ပြီး ပြဿနာတွေလည်းရှိနိုင်ပါတယ်။ အချို့ပဋိပစ္စည်း (antibody) စစ်ဆေးမှုတွေဟာ အမှန်တကယ် ရှိ၊ မရှိ တိကျစွာ မပြနိုင်တာတွေ ရှိပါတယ်။ ပဋိပစ္စည်း (antibody) အမှန်တကယ် မထွက်ရှိပါက နောက်တစ်ကြိမ် ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့ ဖြစ်နိုင်ချေ နည်းပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























