/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/covid-19-ကူးစက်ခံရပြီးနောက်-ပြန်လည်ကောင်းမွန်ဖို့

Covid-19 ကူးစက်ခံရပြီးနောက် ပြန်လည်ကောင်းမွန်ဖို့ အချိန်ဘယ်လောက်ကြာနိုင်လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

Covid-19 စတင်ကူးစက်ပြီး အစောပိုင်း ရက်သတ္တပတ်များမှာ ရောဂါလက္ခဏာတွေ ဘယ်အတိုင်းအတာထိ ခံစားရနိုင်ပြီး အခြေအနေ ဘယ်လောက်ဆိုးနိုင်သလဲဆိုတာကို ခန့်မှန်းရခက်ခဲပါတယ်။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာ လေးလအတွင်းသို့ ရောက်ရှိနေပြီဖြစ်တာမို့ ဆရာဝန်များနဲ့ လေ့လာသူတွေအနေနဲ့ ရောဂါရဲ့ကြာချိန်နဲ့ သက်သာချိန်တို့ကို စူးစမ်းလေ့လာနေကြပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရှိ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာများအရ Covid-19 ဗိုင်းရပ်စ်ဟာ ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်ပြီးနောက် ရောဂါလက္ခဏာများ ပြသဖို့အတွက် ၂ ရက်ကနေ ၁၄ ရက် ကြာမြင့်ပါတယ်။ ပျမ်းမျှအနေနဲ့ ၄ ရက်ကနေ ၅ ရက်လောက်မှာ စတင်ပြသတတ်ပါတယ်။ တချို့တလေမှာတော့ ၁၉ ရက်ထိ အချိန်ယူတတ်ပါတယ်။ ဒီလိုအစပျိုးချိန်ကာလအတွင်းမှာ ရောဂါလက္ခဏာ မခံစားရသေးသော်လည်း မိမိဆီကနေတော့ သူတပါးကို ကူးစက်နိုင်ပါတယ်။
●  လူတစ်ယောက်ဟာ ကိုယ်ထဲသို့ ဗိုင်းရပ်စ်ဝင်ရောက်ပြီး ၃ ပတ်ကြာသည့်တိုင်အောင် ဘာရောဂါလက္ခဏာမှ မခံစားရဘဲ ကိုယ့်ကိုယ်ကို မသိလိုက်တာမျိုးလည်း ရှိပါတယ်။
●  အချို့ကူးစက်ခံလူများတွင် အစပိုင်းမှာ သာမန်တုပ်ကွေးလက္ခဏာများသာ ပြသပြီးနောက် ၅ ရက်ကနေ ၉ ရက်ခန့်အကြာတွင် ပြင်းထန်အဆင့်သို့ ကူးပြောင်းသွားနိုင်ပါတယ်။
●  အတိုချုံးပြောရရင်တော့ ဗိုင်းရပ်စ်ဟာ ကိုယ်ထဲရောက်ပြီး ၂ ရက်လောက်နဲ့လည်း လက္ခဏာများ ပြသနိုင်သလို ၁၄ ရက်ထိလည်း ကြာမြင့်တတ်ပါတယ်။
●  အချို့လူတွေမှာဆိုရင် ၃ ပတ်ကနေ ၆ ပတ်လောက်ကြာမှ လက္ခဏာပြတာမျိုးလည်း ရှိတတ်ပါတယ်။
●  သေဆုံးသွားသူတွေအနက် အချို့ဟာ လက္ခဏာများ စတင်ခံစားရပြီးနောက် ၂ ပတ်အတွင်းကနေ ၈ ပတ်လောက်မှာ နောက်ဆုံးအခြေအနေကို ရောက်ရှိကြတာ ဖြစ်ပါတယ်။ အချို့လူတွေမှာ ၁၀ ပတ်လောက်ထိလည်း ကြာမြင့်နိုင်ပါတယ်။

>>  ကိုယ်ထဲမှာ ဗိုင်းရပ်စ်မရှိတော့တာ ဘယ်လိုသိနိုင်မလဲ?
●  Covid-19 ရောဂါလက္ခဏာများ ခံစားရပြီး တစ်ပတ်အတွင်း စစ်ဆေးချက်များတွင် ရောဂါပိုး တွေ့ထားသူများအနေနဲ့ ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်ပြီး ၁၀ ရက်အကြာတွင် ပြန်လည်စစ်ဆေးရာမှာ Negative တွေ့ရှိရပါက ဗိုင်းရပ်စ်ကင်းစင်ပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ လက္ခဏာများပြသပြီး ၃၇ ရက်ကြာတဲ့အထိ Positive ဖြစ်နေဆဲကေ့စ်များကိုလည်း တွေ့ရှိနေရဆဲ ဖြစ်ပါတယ်။
●  မပြင်းထန်သော Covid-19 ကူးစက်ခံလူနာတွေရဲ့ တစ်ဝက်ကတော့ ရောဂါလက္ခဏာများ ပျောက်ကင်းပြီးနောက် ၈ ရက်အထိ ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးကို တွေ့ရှိရဆဲဖြစ်ပါတယ်။
●  Negative အဖြေဟာ ရောဂါလက္ခဏာများ လုံးဝသက်သာသွားပြီ ဆိုတာကိုလည်း အာမခံချက်မပေးနိုင်ပါဘူး။
●  Negative အဖြေထွက်ပြီးနောက်မှာတောင် အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများ ခံစားနေရသူတွေလည်း ရှိနေပါသေးတယ်။
●  Covid-19 ကာကွယ်ဆေးကို သိပ်မကြာခင် လများဆီမှာ ရရှိနိုင်တော့မယ်လို့ မျှော်လင့်နေကြပါတယ်။ အနောက်နိုင်ငံကြီးတွေမှာ လက်ရှိစမ်းသပ်စစ်ဆေးမှုများစွာ ပြုလုပ်လျက်ရှိနေပြီး မကြာခင်မှာ ကုသရေးအတွက် ဆေးဝါးတွေကိုလည်း ဖော်ထုတ်လာနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)