Covid-19 နဲ့ သွေးတွင်းသကြားဓာတ် ဘယ်လိုတွေဆက်စပ်
ခုလတ်တလော ဆေးပညာရှင်တွေ စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားတာကတော့ သွေးတွင်းသကြားဓာတ်ပမာဏဟာ Covid-19 ရောဂါအပေါ် ဘယ်လိုလွှမ်းမိုးမှုရှိလဲ ဆိုတာပါပဲ။
ဂလူးကို့စ် နဲ့ တခြား သကြားဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ အဓိကကျတဲ့ ပရိုတင်းတည်ဆောက်ရာမှာ အရေးပါပါတယ်။ တချို့သောဗိုင်းရပ်စ်တွေဟာ ခန္ဓာကိုယ်ထဲကို ဝင်ချင်ရင် ပရိုတင်းတွေနဲ့ ပေါင်းပြီးမှ ဝင်လို့ရတာတွေ ဖြစ်ပါတယ်။ အဲလိုဗိုင်းရပ်စ်အမျိုးအစားထဲမှာ ကိုရိုနာဗိုင်းရပ်စ်လည်း တစ်ခုအပါအဝင်ပါပဲ။
သွေးတွင်းသကြားဓာတ်ကို အစားအသောက်၊ လေ့ကျင့်ခန်းတွေနဲ့ ထိန်းထားမယ်ဆိုရင် ဆီးချိုရောဂါ ရှိတဲ့ လူတွေအနေနဲ့လည်း ဆေးနဲ့ သေချာထိန်းထားမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် အရမ်းမဆိုးရွားအောင် တားဆီးနိုင်မယ်လို့ မျှော်လင့်ကြပါတယ်။
ဆေးရုံတွေကို ရောက်လာတဲ့ လူနာအများစုဟာလည်း ဆီးချိုလူနာတွေ ဖြစ်ရင်ဖြစ် ဒါမှမဟုတ် ဆီးချိုဖြစ်မယ့် အခြေအနေမှာရှိတဲ့ လူနာတွေ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ နောက်တချို့ လူနာတွေကတော့ သူတို့ကိုယ်တိုင်တောင်မသိဘဲ သွေးတွင်သကြားဓာတ်တွေ များနေတဲ့လူတွေ ဖြစ်နေတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
အရင်ကဖြစ်ခဲ့ဖူးတဲ့ SARS ရောဂါဟာ ကိုဗစ်နဲ့ အရမ်းဆင်ပြီး အဲဒီတုန်းက လူနာတွေမှာဆိုရင် SARS ရောဂါ ကူးစက်ခံနေရချိန်အတွင်းမှာ သွေးတွင်းသကြားဓာတ်တွေ မြင့်တက်နေတာ တွေ့ရပါတယ်။
ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုရင် ခန္ဓာကိုယ်တွင်း သကြားဓာတ်တွေကို ချေဖျက်ပေးဖို့ လိုအပ်တဲ့ အင်ဆူလင်ဓာတ်ကို ထုတ်ပေးရတဲ့ မုန့်ချိုအိတ်ကို အလုပ်မလုပ်နိုင်အောင် ဗိုင်းရပ်စ်က လုပ်လိုက်တဲ့အတွက် ခဏတာ ဆီးချိုရောဂါ ဖြစ်သွားတဲ့သဘောပါပဲ။
နောက်တစ်ခုက ကိုရိုနာဗိုင်းရပ်စ် ခန္ဓာကိုယ်မှာ ကူးစက်ပြီး အလုပ်လုပ်ဖို့ လိုအပ်တဲ့ ACE 2 ဆိုတဲ့ ပရိုတင်းတစ်မျိုးကို ထုတ်လုပ်ဖို့အတွက် သကြားဓာတ်များများ လိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အနေနဲ့လည်း အာဟာရအဖြစ် သကြားများများ လိုပါတယ်။ ဒီတော့ သကြားဓာတ်များလေ ACE 2 တွေ များများပေါ်လေ ဗိုင်းရပ်စ်တွေ များများပေါင်းပြီး ရောဂါအခြေအနေ ပြင်းထန်လေ ဖြစ်တတ်ပါတယ်။
ဒီတော့ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးကြည့်ခြင်းက ဘယ်လိုလူတွေဟာ ကူးစက်ခံရဖို့ အခွင့်အလမ်း ပိုများတယ်ဆိုပြီး သိနိုင်တယ်လို့ ဆိုကြပါတယ်။
အခြားတစ်ဖက်ကကြည့်ရင် အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင်စား၊ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ပြီး သွေးတွင်း သကြားဓာတ်ကို ထိန်းညှိထားနိုင်ရင် AEC 2 တွေ ပေါ်တာနည်းလေဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရရင်တောင် ပိုးကောင်ရေ အများကြီး မဝင်အောင်၊ ရောဂါအခြေအနေ မဆိုးရွားအောင် ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။
Dr. Htar (www.drmyanmar.com)






























