/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/covishield-ကိုဗစ်ကာကွယ်ဆေးသည်-၁၂-ပတ်ခြားပြီးထိုးလျှင်

Covishield ကိုဗစ်ကာကွယ်ဆေးသည် (၁၂) ပတ်ခြားပြီးထိုးလျှင် ထိရောက်မှုအရှိဆုံးဖြစ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ယခုအခါ မြန်မာနိုင်ငံမှာ စတင်ထိုးပေးတော့မယ့် Covishield ကိုဗစ်ရောဂါကာကွယ်ဆေးဟာ (၁၂) ပတ်ခြားပြီးထိုးပါက ကာကွယ်မှုပိုပေးနိုင်တယ်လို့ သိရပါတယ်။ Covishield ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံရမှာဖြစ်ပြီး ပထမအကြိမ်ထိုးပြီး (၁၂) ပတ်အကြာမှာ ဒုတိယအကြိမ်ထိုးတာဟာ ကာကွယ်ဆေးရဲ့ထိရောက်မှုကို ပိုမြင့်တက်စေတယ်လို့ ကာကွယ်ဆေးနဲ့ အတူပါလာတဲ့ သုံးစွဲမှုအညွှန်း လက်ကမ်းစာစောင်တွေမှာ ဖော်ပြထားပါတယ်။
Covishield ကာကွယ်ဆေးနဲ့အတူ ပါလာတဲ့ လက်ကမ်းစာစောင်တွေမှာ ဖော်ပြထားချက်အရတော့ ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကြား ဘယ်နှပတ်ခြားပြီး ထိုးသလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ပြောင်းလဲသွားတယ်လို့ ဆိုထားပါတယ်။ (၆) ပတ်အောက်နည်းရင်တော့ ထိရောက်မှုဟာ ၅၃.၂% ရှိပြီးတော့ (၆) ပတ်ကနေ(၈) ပတ်အတွင်းဆိုရင်တော့ ၅၁% အထိ ကျသွားတာကို တွေ့ရပါတယ်။ (၉) ပတ်ကနေ (၁၁) ပတ်လောက်ခြားပြီး ထိုးတဲ့အခါမှာတော့ ထိရောက်မှုဟာ ၆၀.၅% အထိ ပြန်တက်လာကို တွေ့ရပါတယ်။ (၁၂) ပတ်ခြားပြီး ထိုးတဲ့အခါမှာတော့ ကာကွယ်ဆေးရဲ့ အမြင့်ဆုံးထိရောက်မှုဖြစ်တဲ့ ၇၈.၇% ကို ရရှိနိုင်တယ်လို့ ဆိုထားပါတယ်။
အိန္ဒိယနိုင်ငံမှာ အခုလက်ရှိ Oxford-AstraZeneca ရဲ့ Covishield နဲ့ Bharat Biotech ရဲ့ Covaxin စတဲ့ ကိုဗစ်ကာကွယ်ဆေးနှစ်မျိုးကို ပြည်သူတွေကို ထိုးနှံပေးနေတာပဲ ဖြစ်ပါတယ်။ Covaxin ဟာ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကြားကို (၄) ပတ်ခြားပြီး ထိုးနှံရမှာပါ။ အကယ်၍သာ Covishield ကို (၁၂) ပတ်ခြားပြီးထိုးပေးမယ်ဆိုရင် ဒုတိယအကြိမ် ပြန်ထိုးဖို့ ရက်ချိန်းပေးတဲ့အခါမှာ Covaxin ထိုးသူတွေနဲ့ Covishield ထိုးသူတွေကြားမှာ အမှားအယွင်းတွေဖြစ်လာမှာကို စိုးရိမ်ရပါတယ်။ ဒါကြောင့် Covishield ကိုလည်း (၄) ပတ်ခြားပြီး ထိုးနှံပေးသင့်ကြောင်း၊ ဒါမှသာ ကာကွယ်ဆေးထိုးပေးသူတွေနဲ့ ပြည်သူတွေကြားမှာ အမှားအယွင်းတွေမရှိမှာဖြစ်ကြောင်း အိန္ဒိယနိုင်ငံဗဟိုအဆင့် တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
အိန္ဒိယနိုင်ငံရှိ Health and family welfare department မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Pankay Kumar Pandey ကတော့ ပြည်နယ်အစိုးရအနေနဲ့ ဗဟိုအစိုးရရဲ့ လမ်းညွှန်ချက်အတိုင်းသာ လိုက်နာသွားမှာဖြစ်ပြီး Covishield ကာကွယ်ဆေးကို ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကြား (၄) ပတ်ခြားပြီး ထိုးနှံပေးသွားမယ်လို့ ပြောကြားထားပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)