Face shield တစ်မျိုးတည်းသုံးခြင်းဟာ ကိုဗစ်ရောဂါကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ရဲ့လား
ကိုဗစ် ကမ္ဘာ့ကပ်ရောဂါကြောင့် ယခုအခါ နိုင်ငံတိုင်းလိုလိုမှာ New Normal Lifestyle တွေ ကျင့်သုံးလာကြပါပြီ။ မြန်မာနိုင်ငံမှာလည်း တတ်နိုင်သမျှ အိမ်ထဲမှာပဲ နေကြဖို့ စည်းကမ်းတွေ ထုတ်ပြန်ထားသလို၊ မဖြစ်မနေ အပြင်ထွက်ဖို့ လိုအပ်ရင်လည်း နှာခေါင်းစည်း သေချာတပ်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာနေကြဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ လူတချို့ဟာ အပြင်ထွက်ရင် mask (နှာခေါင်းစည်း) မပါဘဲ face shield (မျက်နှာအကာ) သီးသန့်နဲ့ပဲ သွားလာနေကြတာကို တွေ့နေရတယ်။
>> ဒီလို face shield သီးသန့်ပဲ သုံးတာဟာ mask တပ်သလိုမျိုး ထိရောက်တဲ့ အကာအကွယ်ပေးနိုင်ရဲ့လား။
ကိုဗစ်ကို အမှုန်အမွှားလေးတွေကနေ ကူးစက်တယ်လို့ ပြောကြပါတယ်။ အချို့ကတော့ အသက်ရှူလမ်းကြောင်းမှလည်း ကူးစက်တယ်လို့ ဆိုပါတယ်။ ချောင်းဆိုး၊ နှာချေတဲ့အခါမှာ ထွက်လာတဲ့ မမြင်နိုင်တဲ့ ရောဂါပိုး အမှုန်အမွှားတွေဟာ ပတ်ဝန်းကျင်အနှံ့မှာ ကပ်တွယ်နေတတ်ပါတယ်။ ဒီအမှုန်အမွှားတွေကို ရှူရှိုက်မိလို့ဖြစ်စေ၊ လက်နဲ့ထိမိပြီး အဲ့ဒီလက်နဲ့ပဲ မိမိနှာခေါင်းနဲ့ ပါးစပ်ကို ကိုင်မိလို့ဖြစ်စေ ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။ ဒီတော့ ဒီအမှုန်အမွှားကို မျက်နှာအကာ (face shield) က ဘယ်လိုကာကွယ်ပေးနိုင်သလဲဆိုတာ ကြည့်လိုက်ရအောင်။
မျက်နှာအကာ (face shield) တပ်ထားရင် မျက်နှာကို ကာကွယ်ထားတာ ဖြစ်တဲ့အတွက် ရောဂါပိုး ကိုင်တွယ်မိထားတဲ့လက်နဲ့ မိမိတို့ရဲ့ နှာခေါင်းနဲ့ပါးစပ်ကို ပြန်ကိုင်မိတာမျိုးကို တားဆီးနိုင်ပါတယ်။ ဒါပေမဲ့ လွတ်နေတဲ့နေရာတွေကနေတစ်ဆင့် ပတ်ဝန်းကျင်မှာရှိနေတဲ့ အမှုန်အမွှားတွေကို ရှူရှိုက်မိနိုင်တဲ့အတွက်ကြောင့် နှာခေါင်းစည်း (Mask) သာ မတပ်ထားခဲ့ဘူးဆိုရင် ရောဂါပိုး ဝင်ရောက်နိုင်မယ့် အခွင့်အလမ်း ပိုများလာပါလိမ့်မယ်။
နှာခေါင်းစည်း (Mask) တပ်ခြင်းဟာ လူတစ်ယောက်ရဲ့ နှာခေါင်းနဲ့ ပါးစပ်ကို ရောဂါပိုး တိုက်ရိုက်ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် လေထုထဲမှာရှိတဲ့ အမှုန်အမွှားတချို့ကို စစ်ထုတ်ပေးတဲ့အတွက်ကြောင့် ဒီအမှုန်အမွှားတွေကို ရှူရှိုက်မိခြင်းမှတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ရောဂါပိုးကူးစက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဒါကိုကြည့်ခြင်းဖြင့် မျက်နှာအကာ (face shield) သီးသန့်ပဲသုံးတာဟာ ထိရောက်တဲ့ အကာအကွယ် မပေးနိုင်ပါဘူးဆိုတာ သိသာပါတယ်။
>> ဒါဆို face shield သုံးခြင်းဟာ ရောဂါပိုးကူးစက်မှုကို မလျှော့ချနိုင်ဘူးလား။
Mask တပ်ထားတဲ့အခါ အသက်ရှူကြပ်တဲ့အတွက်ကြောင့် လူတချို့ဟာ mask ကို သိပ်မတပ်ချင်ကြပါဘူး။ ဒါကြောင့် Mask အစား ပိုပြီးသက်သောင့်သက်သာရှိတဲ့ face shield ကို ပြောင်းလဲအသုံးပြုလာကြတာကို တွေ့ရပါတယ်။ ဒီလိုအစားထိုး အသုံးပြုမယ်ဆိုရင်တော့ ရောဂါကူးစက်မှုကို မလျှော့ချနိုင်ပါဘူး။
ဆွစ်ဇလန်မှာ ကိုဗစ်ကူးစက်မှုပြင်းထန်ခဲ့စဉ်က ကူးစက်ခံရသူအများစုဟာ mask မတပ်ဘဲ face shield တစ်မျိုးတည်းသာ အသုံးပြုတဲ့သူတွေဖြစ်တယ်လို့ လေ့လာတွေ့ရှိချက်အရ ဖော်ပြခဲ့ကြပါတယ်။
ရောဂါပိုး ကူးစက်တာကို မလျှော့ချနိုင်ဘဲနဲ့ ဘာကြောင့် face shield တွေ သုံးနေကြတာလဲ။
Face shield တစ်မျိုးတည်းသုံးတာဟာ မလုံလောက်ဘူးလို့ ပြောခဲ့တာပါ။ Mask နဲ့ တွဲသုံးမယ်ဆိုရင်တော့ ထိရောက်တဲ့ကာကွယ်မှု ပေးနိုင်ပါတယ်။ အကာအကွယ်များများယူလေ ပိုကောင်းလေလေပါ။
>> ဒါဆို ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် face shield ကို ဘယ်လို စနစ်တကျ အသုံးပြုကြမလဲ။
● အမြဲတမ်း mask နဲ့ တွဲသုံးပါ။ Mask တပ်ပြီးမှ face shield တပ်ပါ။
● မိမိမျက်နှာနဲ့ ကွက်တိကျတဲ့ face shield ကို ရွေးချယ်ပါ။
● တစ်ခါ အသုံးပြုပြီးတိုင်း face shield ကို သေချာဆေးကြောသန့်စင်ပါ။
ကမ္ဘာတစ်ဝှမ်း ဖြစ်ပျက်နေတဲ့ ဒီကိုဗစ်ရောဂါကြီးကို အထိရောက်ဆုံး ကာကွယ်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ တတ်နိုင်သမျှ အိမ်မှာပဲနေပါ။ အပြင်ထွက်ဖို့ လိုအပ်လာပါက mask ရော face shield ရော သုံးတဲ့အပြင် တတ်နိုင်သမျှ အကာအကွယ် များများယူပါ။ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာနေပါ။ လက်ကို ဆပ်ပြာနဲ့ရေ သုံးပြီး မကြာခဏ ဆေးကြောပါ။ ဆပ်ပြာနဲ့ရေ အလွယ်တကူ မရနိုင်ဘူးဆိုရင် အနည်းဆုံး Alcohol 70% ပါဝင်တဲ့ လက်သန့်ဆေးရည်ကို သုံးပါ။ ဒီလိုစည်းကမ်းချက်တွေကို တသွေမတိမ်း လိုက်နာမယ်ဆိုရင် ကိုဗစ်ကူးစက်မှုကို လျှော့ချတဲ့နေရာမှာ များစွာအထောက်အကူပြုပါလိမ့်မယ်။ မြန်မာပြည်သူပြည်သားအားလုံး စည်းကမ်းလိုက်နာ ဘေးကင်းကွာနိုင်ကြပါစေ။
Dr. Aye Hsu Mon (www.drmyanmar.com)






























