/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/frozen-shoulder-လို့ခေါ်တဲ့-ပခုံးလှုပ်ရှားရခက်တဲ့အခြေအနေ

Frozen shoulder လို့ခေါ်တဲ့ ပခုံးလှုပ်ရှားရခက်တဲ့အခြေအနေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ပခုံးအဆစ် လှုပ်ရှားရခက်ရင်၊ လှုပ်လိုက်တဲ့အခါ နာကျင်နေရင် ဒါဟာ Frozen shoulder ဆိုတဲ့ ရောဂါတစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ပခုံးဆစ်ခဲခြင်းလို့ အလွယ်ခေါ်လို့ရပါတယ်။ Frozen shoulder နဲ့ ပတ်သက်ပြီး ဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လိုကာကွယ်ကုသရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

>>  Frozen shoulder ဆိုတာ ...
ပခုံးဆစ်ကို အုပ်ထားတဲ့ အမြှေးပါးလေး ရောင်ရမ်းပြီးတော့ အမာရွတ်တစ်သျှူးတွေနဲ့ ပြန်လည်ကုသတဲ့အခါ လှုပ်ရှားမှုကို ကန့်သတ်လိုက်သလိုဖြစ်လို့ ပခုံးလှုပ်လိုက်တိုင်းနာတာ၊ လှုပ်မရတာမျိုးတွေ ဖြစ်ရတာပါ။

Alaxan IA (1)

>>  သူရဲ့လက္ခဏာတွေက -
ရောဂါလက္ခဏာပြတဲ့အဆင့် (၃) ဆင့် ရှိပြီး တစ်ဆင့်ချင်းဆီဟာ လနဲ့ချီကြာတတ်ပါတယ်။ ဒီအဆင့်တွေကတော့ -
၁။  စဖြစ်တဲ့အချိန်မှာ ပခုံးလှုပ်ရှားလိုက်တိုင်း နာကျင်နေပြီး အရင်ကလို ကောင်းကောင်းလှုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအဆင့်ကို ခဲနေဆဲအဆင့် (Freezing stage) လို့ ခေါ်ပါတယ်။
၂။  တဖြည်းဖြည်းကြာလာတဲ့အခါ နာကျင်တာတွေ သက်သာလာပေမယ့် လှုပ်ရှားရတာတော့ ပိုပိုပြီး ခက်ခဲလာပါလိမ့်မယ်။ ဒီအဆင့်ကိုတော့ ခဲပြီးတဲ့အဆင့် (Frozen stage) လို့ ခေါ်ပါတယ်။
၃။  နောက်ထပ်လအနည်းငယ်ကြာရင် တဖြည်းဖြည်း သက်သာလာပြီး ပခုံးဆစ်ကိုလည်း ပြန်လှုပ်ရှားလို့ရ လာပါတယ်။ ဒီအဆင့်ကိုတော့ ပြန်ကောင်းတဲ့အဆင့် (Thawing stage) လို့ ခေါ်ပါတယ်။

>>  ဖြစ်နိုင်ချေများတဲ့သူတွေကတော့ -
●  အသက် (၄၀) နဲ့အထက် လူကြီးတွေ၊ အထူးသဖြင့် အမျိုးသမီးတွေ
●  လက်မောင်းထိခိုက်ထားလို့၊ ဒါမှမဟုတ် လေဖြတ်ထားလို့ ပခုံးဆစ်မလှုပ်ရှားနိုင်တဲ့သူတွေ
●  ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်းမညီမျှတဲ့ရောဂါ၊ နှလုံးသွေးကြောရောဂါ အစရှိတဲ့ ရောဂါရှိသူတွေပဲ ဖြစ်ပါတယ်။

Alaxan IA (2)

>>  Frozen shoulder ကြောင့် နာကျင်နေရင်တော့ -
အိုင်ဗျူပရိုဖန် ပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ အရမ်းနာကျင်ရင်တော့ ဆရာဝန် ညွှန်ကြားချက်အတိုင်း ပိုပြင်းတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ အရောင်ကျဆေးတွေကို သောက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ များသောအားဖြင့် ၁၂ လကနေ ၁၈ လလောက်ကြာရင် သက်သာသွားတယ်ဆိုပေမယ့် ရောဂါလက္ခဏာတွေ ဆက်ရှိနေရင်တော့ ပခုံးဆစ်ထဲကို စတီးရွိုက်ဆေးထိုးတာ၊ ခွဲစိတ်ကုသတာတွေ လိုအပ်ကောင်းလိုအပ်လာနိုင်ပါတယ်။

>>  မိမိတို့ဟာ Frozen shoulder ဖြစ်နိုင်ချေများသူတွေ ဆိုရင်တော့ -
Frozen shoulder ဆိုတာ များသောအားဖြင့် ပခုံးဆစ်ကို မလှုပ်ရှားပေးလို့ ဖြစ်ရတာပါ။ ဒါကြောင့် မိမိတို့ဟာ ပခုံးကို ထိခိုက်ဒဏ်ရာရတာ၊ လက်မောင်းရိုးကျိုးတာ၊ လေဖြတ်တာ အစရှိတဲ့ အခြေအနေတွေကြောင့် ပခုံးလှုပ်ရခက်နေရင် ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ကိုယ်ခံနိုင်ရည်ရှိသလောက် လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

Dr. Aye Hsu Mon (www.drmyanmar.com)