/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/intermittent-fasting-ခေါ်-အစားရှောင်တဲ့နည်းလမ်း

Intermittent fasting (ခေါ်) အစားရှောင်တဲ့နည်းလမ်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အခုခေတ်မှာ ကျန်းမာရေးအသိတွေ ကြွယ်ဝလာတာရော၊ အလှအပရေးရာအရပါ ကိုယ်အလေးချိန်များတဲ့ လူတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ ချနေကြပါတယ်။ အစားအသောက်နဲ့တစ်ဖုံ လေ့ကျင့်ခန်းနဲ့တစ်မျိုးပေါ့။ အခုတစ်လောမှာ ရေပန်းစားလာတဲ့နည်းကတော့ intermittent fasting လို့ခေါ်တဲ့ အစားရှောင်တဲ့နည်းလမ်းပါပဲ။

>>  Intermittent fasting ဆိုတာ ဘယ်လိုမျိုးလဲ?
တစ်နေ့ကို စားရတဲ့ ကယ်လိုရီပမာဏပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားသွားပါတယ်။

၁။  ရက်အလှည့်နဲ့စားတာ
ဒါကတော့ ပထမရက်မှာ ကြိုက်တာစား၊ အကုန်စား။ နောက်ရက်ကျရင်တော့ မစားနဲ့တော့။ လုံးဝ ဘာမှမစားတာမျိုး။ ဒါမှမဟုတ် ကယ်လိုရီ ၅၀၀ လောက်ပဲ စားတာမျိုးပေါ့။ မစားရတဲ့ရက်မှာ အချိုတွေ၊ ကယ်လိုရီတွေ မပါတဲ့ ကော်ဖီ၊ ရေနွေးကြမ်း၊ ရေတို့တော့ သောက်လို့ရပါတယ်။

၂။  ပုံစံပြောင်းပြီး စားတာ
ဒါကတော့ တစ်ပတ်မှာ ၅ ရက်က ပုံမှန်အတိုင်းစား၊ ကျန်တဲ့ ၂ ရက်မှာတော့ တစ်ရက်တာ လိုအပ်တဲ့ ကယ်လိုရီရဲ့ ၂၀-၂၅% ပဲ စားရတာမျိုးပါ။

၃။  အချိန်နဲ့ စားတာ
ဒါကတော့ ကြိုက်သလောက် ပမာဏ၊ ကြိုက်သလို စားလို့ရပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းပဲ စားလို့ ရပါတယ်။ တစ်ရက်ရဲ့ ၆ -၈ နာရီအတွင်းမှာ ကြိုက်တာစား၊ ပြီးရင် နောက် ၆-၈ နာရီ အတွင်း ဘာမှစားလို့မရတော့ပါဘူး။ ဒီလို အလှည့်နဲ့စားပြီး တစ်နေကုန် နေရမှာပါ။ မစားရတဲ့ အချိန်ပိုင်းအတွင်းမှာ calorie မပါတဲ့ အရည်တွေ၊ ရေတွေ သောက်လို့ ရပါတယ်။

>>  ဘာကောင်းကျိုးတွေရမလဲ?
●  ကိုယ်အလေးချိန်ကျမယ်
လေ့လာချက်တွေအရ intermittent fasting ဟာ ကိုယ်အလေးချိန်ချတဲ့နေရာမှာ အရမ်းအကျိုးရှိတယ်လို့ ဆိုပါတယ်။ စားပြီး ၂ ပတ်၊ ၃ ပတ်အတွင်းမှာ ကိုယ်အလေးချိန် စုစုပေါင်းရဲ့ ၂.၅% လောက် ကျသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

●  ကျန်းမာရေးအတွက် အကျိုးရှိမယ်
အဝလွန်တာက နောက်ပိုင်းမှာ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေကို ဖြစ်စေပါတယ်။ Intermittent fasting ကြောင့် မကောင်းတဲ့အဆီတွေကို ချေဖျက်ပြီးသား ဖြစ်တဲ့အပြင် ကောင်းတဲ့အဆီတွေကို ခန္ဓာကိုယ်အတွင်း ပိုများလာစေသလို ဖြစ်တာမို့ နှလုံးသွေးကြောရောဂါတွေကိုပါ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

●  လိုက်စားရတာ လွယ်တယ်
အချိန်အကြာကြီး ဟိုဟာ မစားရ ၊ ဒီဟာ မစားရ ဆိုပြီး ကယ်လိုရီ တွက်စားတဲ့ နည်းလမ်းထက်စာရင် ဒါဟာ လိုက်စားရတာ ပိုလွယ်တယ်လို့ ဆိုပါတယ်။ ပိုပြီးလည်း အကျိုးရှိတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

>>  မကောင်းတဲ့အချက်တွေကရော
●  ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာနဲ့ အားမရှိသလို ခံစားရတာတွေ ရှိတယ်လို့ တွေ့ရပါတယ်။ လေ့ကျင့်ခန်း မလုပ်ဖြစ်တော့တာကလည်း မကောင်းတဲ့အချက်တစ်ခုလို့ ဆိုပါတယ်။
●  နောက်ပြီး စိတ်ပိုင်းဆိုင်ရာအရလည်း အာရုံစိုက်ရ မလွယ်တာ၊ ဒေါသထွက်လွယ်တာတွေ ရှိတယ်လို့လည်း တွေ့ရပါတယ်။

●  လူတိုင်းစားလို့ရော အဆင်ပြေလား
အဝလွန်တဲ့လူတွေ၊ ကိုယ်အလေးချိန်တက်နေတဲ့ လူတွေအဖို့ အရမ်းအကျိုးရှိတယ်လို့ ဆိုပေမယ့် တချို့လူတွေအတွက်တော့ မသင့်တော်ပါဘူး။ ကိုယ်ဝန်ဆောင်တွေ၊ အစားအသောက်စားရာမှာ မူမမှန်ရောဂါ ရှိတဲ့လူတွေ၊ ရောဂါအခံရှိတဲ့လူတွေအတွက် မသင့်တော်ပါဘူး။

Dr. Htar (www.drmyanmar.com)