/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/leukemia-လို့ခေါ်တဲ့-သွေးကင်ဆာအကြောင်း

Leukemia လို့ခေါ်တဲ့ သွေးကင်ဆာအကြောင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ရုပ်ရှင်တွေထဲမှာ မကြာမကြာ မြင်နေရတဲ့ လူကီးမီးယားခေါ် သွေးကင်ဆာကို တော်တော်များများ ရင်းနှီးကြမယ် ထင်ပါတယ်။  ဇာတ်လိုက်မင်းသား သို့ မင်းသမီးဟာ မကြာမကြာ နှာခေါင်းသွေးလျှံလာပြီဆို မကြာခင် သွေးကင်ဆာဖြစ်မယ့် နမိတ်ဆိုတာ မှန်းမိကြမယ် ထင်ပါတယ်။ ဒီဆောင်းပါးမှာတော့ နှာခေါင်းသွေးလျှံတာအပြင် အတွေ့များတဲ့ သွေးကင်ဆာလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

>>    ရောဂါလက္ခဏာများ

          သွေးကင်ဆာ အတော်များများက ရောဂါပထမအဆင့်မှာ သိသာတဲ့လက္ခဏာ မပြတတ်ကြပါဘူး။ လက္ခဏာပြရင်လည်း အောက်ပါလက္ခဏာတွေ ပြတတ်ပါတယ်။

●        သွေးအားနည်းရောဂါနှင့် ဆက်စပ်သောလက္ခဏာများ - ပင်ပန်းနွမ်းနယ်ခြင်း၊ ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း၊ နေမကောင်းသလို ခံစားရခြင်း

●        သွားဖုံးသွေးယိုတာ၊ နှာခေါင်းသွေးလျှံတာ အပါအဝင် အညိုမည်း စွဲလွယ်၊ သွေးထွက်လွယ်ခြင်း၊ ဝမ်းထဲသွေးပါခြင်း၊ ဆီးထဲသွေးပါခြင်း။

●        ခေါင်းကိုက်ခြင်း၊ ကိုယ်ငွေ့ငွေ့လေးပူခြင်း၊ ပါးစပ်မှာ အနာတွေပေါက်ခြင်း၊ အရေပြားမှာ အစက်တွေ ထွက်ခြင်းတွေနဲ့အတူ လည်ချောင်းနာခြင်း၊ အဆုတ်ရောင်ခြင်း စတဲ့ ရောဂါပိုးဝင်တာ ဖြစ်လွယ်ခြင်း

●        အကြိတ်ကြီးခြင်း အထူးသဖြင့် လည်ချောင်း၊ ချိုင်းနဲ့ ပေါင်ခြံကြိတ်တွေ ကြီးခြင်း

●        အစာစားချင်စိတ် မရှိခြင်း၊ ကိုယ်အလေးချိန်ကျခြင်း

●        ဘေလုံးကြီးလာတော့ ဘယ်ဘက်ခြမ်းနံရိုးအောက်မှာနေရတာ သက်သောင့်သက်သာမဖြစ်ဘဲ တစ်မျိုးကြီးဖြစ်နေခြင်း

●        သွေးဖြူဥတွေ များလာတဲ့အခါမှာ မြင်လွှာမှာ သွေးယိုပြီး အမြင်အာရုံပြဿနာတွေ၊ နားအူခြင်း၊ စိတ်ပိုင်းဆိုင်ရာအခြေအနေ ပြောင်းလဲခြင်း၊ လေဖြတ်ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။

 

>>    ဒါမျိုးတွေ ဖြစ်ရင်တော့ ဆရာဝန် သွားပြပါ။

●        အပေါ်မှာ ပြောထားတဲ့လက္ခဏာတွေ ခံစားရပြီးတော့ ဘာကြောင့် ဒါတွေဖြစ်လာတာလဲမသိရင် သွေးစစ်ကြည့်သင့်ပါတယ်။

●        အကြောင်းအရင်းမသိဘဲ သွေးယိုတာ၊ သွေးထွက်တာ၊ ကိုယ်အပူချိန်ကြီးတာ၊ တက်တာတွေ ဖြစ်လာရင်တော့ အရေးပေါ် ကုသမှုခံယူဖို့ လိုပါတယ်။

          သွေးကင်ဆာ ပျောက်ကင်းပြီးနောက် ရောဂါပိုး ဝင်တာ (သို့) သွေးထွက်လွယ်တာတွေ ရှိရင်လည်း ကျန်းမာရေး ပြန်စစ်သင့်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)