/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/social-distancing-ဆိုတာ-ဘာကိုဆိုလိုပါသလဲ

Social Distancing ဆိုတာ ဘာကိုဆိုလိုပါသလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဒီနေ့လို အချိန်အခါမျိုးမှာ နိုင်ငံတိုင်းလိုလိုဟာ COVID-19 ရဲ့ အကြီးအကျယ် ခြောက်လှန့်ခြင်းကို ခံစားနေကြရတာနဲ့အမျှ Social Distancing ဆိုတဲ့ စကားလုံးပါ ခေတ်စားလျက်ရှိနေပါတယ်။
Social Distancing ဆိုတာဟာ ပြည့်သူ့ကျန်းမာရေး နည်းစနစ်တစ်ခုဖြစ်ပြီး လူတွေကို ရောဂါဖြစ်စေမယ့် ဗိုင်းရပ်စ်ပိုးမွှားတွေ ပျံ့နှံ့ခြင်းကို လျှော့ချဖို့ သို့မဟုတ် ပြန့်နှုန်းနှေးအောင်လုပ်ဖို့ အသုံးပြုတဲ့ ပြည့်သူ့ကျန်းမာရေး နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။

ဒါဆိုရင် Social distancing ကို ဘာလို့ ကျင့်သုံးဖို့လိုတာလဲလို့ မေးဖွယ်ရာရှိပါတယ်။
●  ကျွန်မတို့ အနီးအနားရှိ လူတစ်ဦးက ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်း ပြုလုပ်တဲ့အခါမှာ သူတို့ရဲ့ ပါးစပ်နဲ့နှာခေါင်းက ထွက်လာတဲ့ အရည်အမှုန်အမွားတွေဟာ ဘေးကိုဖိတ်စင်နိုင်တာမို့ ထိုအရည်များကနေတစ်ဆင့် COVID-19 ဗိုင်းရပ်စ်နဲ့ အခြားရောဂါပိုးတွေကို အနီးမှာရှိတဲ့ လူတစ်ဦးဟာ ရှူရှိုက်မိနိုင်ပါတယ်။ ဒါတွေကို ကာကွယ်ဖို့အတွက် လူတစ်ဦးနဲ့တစ်ဦးကြား အကွာအဝေးတစ်ခုထားခြင်းကို အကြံပြုတဲ့ Social distancing နည်းစဉ် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
●  Social distancing လို့ဆိုတဲ့နေရာမှာ ရောဂါပိုး ကူးစက်ခံရသူတွေကို သီးသန့်ထားခြင်း (Isolating)၊ သံသယရှိသောလူနာများကို သီးသန့်ခွဲခြားစောင့်ကြည့်ခြင်း (Quarantining) နဲ့ လူတစ်ယောက်နဲ့တစ်ယောက် နီးကပ်အောင်မနေဘဲ သတိနဲ့ ခပ်ခွာခွာနေခြင်းတို့ ပါဝင်ပါတယ်။
လူတစ်ဦးနဲ့တစ်ဦး နီးကပ်စွာနေခြင်းကြောင့် ဗိုင်းရပ်စ်တွေ ပိုမိုပျံ့နှံ့တတ်တာကို  အားလုံးသိကြပြီးဖြစ်ပါလိမ့်မယ်။
●  Social Distancing လုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကပ်ရောဂါတစ်ခု ဖြစ်ပေါ်လာတဲ့အချိန်မှာ ကူးစက်ခံရသူအရေအတွက် တစ်ဟုန်ထိုး မြင့်မားမသွားအောင် လျှော့ချနိုင်ဖို့ဖြစ်ပြီး ဒါကိုတော့ ပညာရှင်တွေ “Flatten the curve” လို့ တင်စားထားပါတယ်။ ဒီလိုမျိုး ပြည့်သူ့ကျန်းမာရေးက ချမှတ်ထားတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို သုံးပြီး မျဉ်းကွေးကို ပြားစေခြင်းဟာဆိုရင် ဘာကာကွယ်မှုမှ မလုပ်တာထက်တော့ ကူးစက်နှုန်းကို ပိုမိုကျဆင်းစေမှာ ဖြစ်ပါတယ်။ Flattening the curve ဆိုတာ COVID-19 ကူးစက်နှုန်းကို ကျဆင်းအောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။
●  Social Distancing နည်းစဉ်ဟာဆိုရင် ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ပြီဖြစ်တဲ့ လက်ရှိဖြစ်ပွားလျက်ရှိတဲ့ COVID-19 လို ကာကွယ်ဆေးမရှိသေးတဲ့ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ မဖြစ်မနေ လိုက်နာရမယ့်အရာတစ်ခု ဖြစ်လာပါပြီ။
● ဒီနည်းစဉ်ကို လိုက်နာခြင်းဖြင့် သင့်နေစဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေမှာဖြစ်ပေမယ့်လည်း သင့်ကျန်းမာရေးအတွက် သင်ကိုယ်တိုင် ပြုပြင်ပြောင်းလဲဖို့က အဓိကပဲ ဖြစ်ပါတယ်နော်။ ဒါကြောင့်မို့ Social distancing နည်းလမ်းတွေကို လိုက်နာကျင့်ကြံပြီး သင်နဲ့ သင်ချစ်တဲ့မိသားစုဝင်တွေကို ကပ်ရောဂါဆိုး ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးဖို့ အကြံပြုလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)