U.K နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အခုလာမယ့် ကြာသပတေးနေ့မှာ လူတွင် စမ်းသပ်ထိုးဖို့ ပြင်ဆင်
U.K နိုင်ငံ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ Matt Hancock ဟာ ဒီရောဂါကို တိုက်ထုတ်နိုင်မယ့် အစိုးရရဲ့နည်းပညာတစ်ခု အောင်မြင်သွားပြီလို့ သူကိုယ်တိုင် ပြောကြားခဲ့တဲ့အတိုင်း လာမယ့် ကြာသပတေးနေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူတွေနှင့် စမ်းသပ်မှုများ စတင်တော့မယ်လို့ ကြေညာလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မတ်တ်ဟမ်းကော့အနေနဲ့ UK နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ အားစိုက်ထုတ်မှုအတွက် အရှေ့ဆုံးကနေ အားထုတ်ကြိုးပမ်းလျက်ရှိနေပြီး တခြားနိုင်ငံတွေထက်လည်း ထောက်ပံ့ငွေများစွာ ပံ့ပိုးပေးမှုရှိတာကြောင့် UK နိုင်ငံမှာ ကာကွယ်ဆေး (၂) မျိုးကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။
Oxford တက္ကသိုလ်မှာ ထုတ်လုပ်ခဲ့တဲ့ဆေးနှင့် စမ်းသပ်လုပ်ဆောင်မှုများ ပြုလုပ်မှာဖြစ်ပြီး ဒီသုတေသနကို ပြုလုပ်ဖို့အတွက် အစိုးရက ပေါင်သန်း ၂၀ ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ နောက်ထပ် ပေါင် ၂၀.၅ သန်းကိုလည်း နောက်ထပ် ကာကွယ်ဆေး သုတေသန ပြုလုပ်နေသော London’s Imperical College အတွက် ထောက်ပံ့ပေးခဲ့ပါသေးတယ်။
ကာကွယ်ဆေးထုတ်လုပ်မှုနှင့် ပတ်သက်ပြီး လူသားတွေနှင့် ကနဦးစမ်းသပ်ချက်များ ပြုလုပ်မှာဖြစ်ပြီး အမှားအယွင်းတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။
ဒါတွေကို ကျော်လွန်အောင်မြင်ပြီးရင်တော့ UK နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ထုတ်လုပ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။
ဟမ်းကော့ခ်အနေနှင့် ကာကွယ်ဆေး တီထွင်တဲ့ သုတေသနနှစ်ခုစလုံးဟာ အရှိန်အဟုန်ကောင်းစွာ တိုးတက်နေပြီး ဒီကာကွယ်ဆေးကို အောင်မြင်အောင် ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အရင်းအနှီးမှန်သမျှကိုလည်း အစိုးရအနေနဲ့ ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။
UK နိုင်ငံအနေနဲ့ မတ် ၂၃ ကတည်းက တစ်နိုင်ငံလုံး lock down ချခဲ့တာဖြစ်ပြီး အနည်းဆုံး နောက်ထပ်သုံးပတ်အထိ ဒီအနေအထားကို ဆက်လက်ထိန်းသွားဖွယ်ရာရှိပါတယ်။ ဧပြီ ၂၁ ရက်နေ့ထိ ရောဂါဖြစ်ပွားသူ (၁၂၉,၀၄၄) နှင့် သေဆုံးသူဦးရေ (၁၇,၃၃၇) ရှိခဲ့တဲ့ UK နိုင်ငံအတွက် ဒီကာကွယ်ဆေး ထုတ်လုပ်နေမှုကြောင့် အနည်းငယ် စိတ်သက်သာဖွယ်ရာရှိနေမှာပဲ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























