Vitamin D3 ဆိုတာ ဘာလဲ?
ဗီတာမင် D အမျိုးအစားပေါင်းများစွာ ရှိတဲ့အနက်က သစ်ပင်တွေက ထုတ်လုပ်တဲ့ D2 နဲ့ လူ့အရေပြားကို နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါမှာ ထွက်လာတဲ့ D3 ဆိုတဲ့ နှစ်မျိုးက လူတွေအတွက် အရေးကြီးပါတယ်။ ဗီတာမင် D2 နဲ့ D3 ကို အစားအစာတွေထဲမှာလည်း ထည့်သွင်းပြုလုပ်နိုင်ပါတယ်။
>> ဗီတာမင် D2 နဲ့ D3 ဘာကွာသလဲ?
ဗီတာမင် D2 က အစားအစာတွေမှာ ပါဝင်လေ့ရှိပါတယ်။ ဗီတာမင် D3 ကတော့ လူ့အရေပြားနဲ့ နေရောင်ခြည် ထိတွေ့တဲ့အခါမှာ ထွက်လာပါတယ်။
>> ဗီတာမင်် D ကို ဘယ်ကရမလဲ?
ဗီတာမင် D3 ကိုတော့ အရေပြားက ထုတ်လုပ်ပါတယ်။ အစားအစာတွေနဲ့ ဖြည့်စွက်စာတွေမှာလည်း ဗီတာမင် D2 (သို့) D3 အနေနဲ့ ရရှိနိုင်ပါတယ်။
ဗီတာမင် D3 ကိုတော့ သစ်ပင်တွေကနေ အများဆုံး ရရှိပါတယ်။ လူတွေအတွက် ပိုပြီးအကျိုးပြုတဲ့ ဗီတာမင် D3 ကိုတော့ ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်လုပ်ပေးပြီး အဆီများသောငါးများ (ဆယ်လ်မွန်၊ မာရကယ်၊ တူနာ၊ ဆာဒင်း)၊ ကြက်ဥအနှစ်၊ အပူမပေးထားသောနွားနို့၊ ထောပတ်၊ ဒိန်ချဉ်အချို့ စတဲ့ တိရစၧာန်နဲ့ ငါးတွေက အခြေခံတဲ့အစားအစာတွေကလည်း ရရှိနိုင်ပါတယ်။
ကျန်းမာရေး ကောင်းမွန်ဖို့နဲ့ အရိုးပွခြင်းကို ကုသနိုင်ဖို့အတွက် ဗီတာမင် D3 ကို ဖြည့်စွက်စာနဲ့ ဆေးအဖြစ်လည်း သောက်သုံးနိုင်ပါတယ်။ ပါရာသိုင်းရွက်ဂလင်း ကောင်းကောင်း အလုပ်မလုပ်တဲ့သူတွေ၊ သွေးထဲမှာ ဖော့စဖိတ်ဓာတ် နည်းသောသူများ၊ ခန္ဓာကိုယ်က ပါရာသိုင်းရွိုက်ဟော်မုန်းကို ကောင်းစွာ မတုံ့ပြန်တဲ့ မွေးရာပါရောဂါရှိသူတွေကို ကုသရာမှာလည်း ဗီတာမင် D3 ကို အသုံးပြုပါတယ်။ ဗီတာမင် D3 က သွေးထဲမှာ ဖော့စဖိတ်ဓာတ်တွေ ပြန်လည်လှည့်ပတ်နိုင်ဖို့အတွက် ကျေက်ကပ်ကို အားပေးပြီး ခန္ဓာကိုယ် pH ဓာတ်ကို ထိန်းညှိပေးပါတယ်။
>> ဗီတာမင် D3 ချို့တဲ့ရင် ဘာတွေဖြစ်နိုင်သလဲ?
ကလေးတွေမှာ ဗီတာမင် D3 ချို့တဲ့ပါက ricket လို့ခေါ်တဲ့ အရိုးပျော့ရောဂါ ဖြစ်တတ်ပါတယ်။ အရိုးပျော့ရောဂါရှိတဲ့ ကလေးနဲ့ ငယ်ငယ်က အရိုးပျော့ရောဂါ ရှိဖူးတဲ့သူတွေရဲ့ ခြေထောက်တွေက လေးကိုင်းပုံ ကွေးနေတတ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ ဗီတာမင် D3 ချို့တဲ့ရင်တော့ osteomalacia လို့ခေါ်တဲ့ အရိုးပျော့ရောဂါတစ်မျိုး ခံစားရတတ်ပါတယ်။
အစာချေစနစ် မကောင်းတဲ့သူတွေ၊ အသည်းမကောင်းသူတွေနဲ့ Crohn's disease ရှိသူတွေမှာ ဗီတာမင် D3 ပမာဏ နည်းတတ်ပါတယ်။
ဒါ့အပြင် နေရောင်ခြည်က ဗီတာမင် D3 ရဲ့ သဘာဝအရင်းအမြစ် ဖြစ်တဲ့အတွက် အပြင်ထွက် နည်းတဲ့သူတွေနဲ့ အပြင်မထွက်တဲ့သူတွေ (ဥပမာ - ဘိုးဘွားရိပ်သာမှာနေတဲ့ အဘိုးအဘွားတွေ၊ အိပ်ရာပေါ်မှာပဲ လှဲနေရတဲ့ နာတာရှည်ရောဂါသည်တွေ) မှာလည်း ဗီတာမင် D3 ချို့တဲ့လေ့ ရှိပါတယ်။
အသားမည်းလေလေ ဗီတာမင် D3 ကို လုံလောက်စွာရရှိဖို့ လိုလေလေပါပဲ။ အသားမည်းတဲ့သူတွေမှာရှိတဲ့ မယ်လနင်အပို်တွေက ဗီတာမင် D3 စုပ်ယူမှု နှေးစေခြင်းကြောင့် ဖြစ်ပါတယ်။
>> ဗီတာမင် D3 နဲ့ ဝက်ခြံ ဆက်စပ်မှု ရှိပါသလား?
ဗီတာမင် D3 ကို ဝက်ခြံ ကုသတဲ့နေရာမှာ သုံးနိုင်၊ မသုံးနိုင် အငြင်းပွားနေကြပါတယ်။ တိကျခိုင်မာတဲ့ သက်သေပြချက်တွေတော့ မတွေ့ရှိသေးပါဘူး။
>> ဗီတာမင် D3 ပမာဏနဲ့ ကိုယ်အလေးချိန်
မကြာသေးခင်က လေ့လာမှုတွေအရ ကိုယ်အလေးချိန် များတဲ့လူတွေမှာ ဗီတာမင် D3 ပမာဏ ပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းကတော့ ဗီတာမင် D3 က အဆီတွေထဲမှာ သိုလှောင်ထားနိုင်တဲ့အရာဖြစ်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ အဆီများလေလေ ဗီတာမင် D3 သိုလှောင်နို်င်မှု များလေလေပါပဲ။ ကိုယ်အလေးချိန် နည်းတဲ့လူတွေမှာ ဗီတာမင် D3 သိုလှောင်ဖို့အတွက် အဆီဓာတ်နည်းတဲ့အတွက် ပမာဏနည်းပါတယ်။
>> ကိုယ်ဝန်ဆောင်နှင့် ဗီတာမင် D3
ဗီတာမင် D3 က သနေ္ဓသားကို အန္တရာယ်ပေးနိုင်လား၊ မပေးနိုင်လားဆိုတာ မသေချာတဲ့အတွက် ကိုယ်ဝန် ရှိတယ် (သို့) ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဆေးသောက်သင့်၊ မသောက်သင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ နို့တိုက်မိခင်တွေလည်း ဆရာဝန်ကို မေးပြီးမှ ဆေးသောက်ပါ။ ဗီတာမင် D3 က နို့ရည်ထဲကို ရောက်နိုင်တဲ့အတွက် နို့တိုက်မိခင်တွေမှာ ဆေးသောက်ဖို့ မသင့်ပါဘူး။
>> ဗီတာမင် D3 ၏ ဘေးထွက်ဆိုးကျိုးများ
ပုံမှန်အားဖြင့်တော့ ဗီတာမင် D3 သောက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုး ရခဲပါတယ်။ ဗီတာမင် D3 ရဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ -
• အစက်အပြောက်များ ထွက်ခြင်း၊ ယားယံခြင်းကဲ့သို့သော ဓာတ်မတည့်မှုများ
• မျက်နှာ၊ လည်ပင်းနှင့် လျှာများ ရောင်လာခြင်း
• ပြင်းထန်စွာ မူးဝေခြင်း
• အသက်ရှူရ ခက်ခြင်း
• နှလုံးခုန်နှုန်း မမှန်ခြင်း၊ (သို့) မြန်လွန်းခြင်း
>> အဖြစ်နည်းသော ဘေးထွက်ဆိုးကျိုးများ
• အာခေါင်ခြောက်ခြင်း
• ခေါင်းကိုက်ခြင်း
• အန်ခြင်း
• အားနည်းခြင်း၊ အားအင်ကုန်ခမ်းခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း
>>> ဗီတာမင် D3 ဓာတ်ပြုမှုများ
ဗီတာမင် D3 မသောက်မီ မိမိသောက်နေတဲ့ဆေးတွေ (ဆရာဝန် ညွှန်ကြားထားသောဆေးများ၊ ဆေးဆိုင်မှ မိမိဘာသာ ဝယ်သောက်သောဆေးများ၊ ဖြည့်စွက်စာများ၊ တိုင်းရင်းဆေးများ၊ မူးယစ်ဆေးဝါးများ) အားလုံးကို ဆရာဝန်ကို ပြောပြပြီး တိုင်ပင်ရပါမယ်။ အောက်ပါဆေးတွေ သောက်နေပါက ဗီတာမင် D3 လုံးဝမသောက်သင့်ပါဘူး။
• Zemplar (paricalcitol)
• Donovex or Sorilux (calcipotriene)
• Hectorol (doxercalciferol)
• Mineral oil
• Alli or Xenical (Orlistate)
• Bile acid sequestrants ( Welchol, Cloestid, Locholest, Prevalite)
ဗီတာမင် D3 ကို အောက်ပါဆေးများနဲ့ အနည်းဆုံး ၂ နာရီခွာပြီး သောက်သင့်ပါတယ်။ (သို့) အိပ်ရာဝင်ချိန်မှ သောက်သုံးသင့်ပါတယ်။
• Digoxin
• Aluminium hydroxide
• Chlorthalidone, hydrochlorothiazide, chlorothiazide
• Magnesium hydroxide, Magnesium citrate
• Fosphenytoin
>> ဗီတာမင် D3 နဲ့ အရက်
အရက်က ဗီတာမင် D3 စုပ်ယူမှုကို လျော့ကျစေတဲ့အတွက် ဗီတာမင် D3 သောက်ချိန်မှာ အရက်မသောက်သင့်ပါဘူး။
>> ဗီတာမင် D3 နဲ့ ဂရိတ်ဖရုသီး
ဗီတာမင် D3 သောက်သုံးနေချိန်မှာ ဂရိတ်ဖရုသီးနဲ့ ဂရိတ်ဖရုသီးဖျော်ရည်တွေကို မသောက်တာ အကောင်းဆုံးပါပဲ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























