White Coat Hypertension နှင့် သွေးတိုးရောဂါ
" အဒေါ် ... သွေးတိုးနေတယ်နော် "
" မတိုးပါဘူး ဆရာလေးရယ် ... ကျွန်မ မနက်ကမှ ချိန်လာတာပါ "
" အခု ၁၆၀/၈၀ အဒေါ်ရဲ့ "
" အမေက ဆရာ၀န်မှ သွေးတိုးတာ ဆရာရေ ... "
တချို့လူတွေက အိမ်မှာပဲ သွေးပေါင်တိုင်းကြည့်တဲ့အခါ ပုံမှန်ဖြစ်နေပေမယ့်လည်း ဆေးခန်းသွားပြလို့ ဆရာဝန်ဆီမှာ ချိန်တဲ့အခါကျရင် သွေးပေါင် တက်နေတတ်ကြပါတယ်။ ဒီလိုဖြစ်တာကို White Coat Syndrome လို့ခေါ်ပြီး ဒီနာမည်ကတော့ အဖြူရောင်ကုတ်အကျႌ (duty coat) ဝတ်လေ့ရှိတဲ့ ဆရာဝန်၊ ဆရာမတွေကို အစွဲပြုပြီးတော့ အမည်တွင်သွားတာပါ။
ပုံမှန်အားဖြင့် သွေးပေါင်ချိန်က 120/80 mmHg ရှိပြီးတော့ ဒီထက်များရင် သွေးတိုးလားဆိုတာကို စဉ်းစားလေ့ရှိပါတယ်။ White Coat Syndrome ရှိတဲ့သူတွေမှာ သွေးပေါင်ချိန်က ပုံမှန်ထက် ပိုများနေပြီးတော့ ဒါက တစ်ခါတလေမှာ ဆရာဝန်နဲ့ ပြသတဲ့အခါမှာဖြစ်တဲ့ စိုးရိမ်ပူပန်မှုသက်သက် မဟုတ်ဘဲနဲ့ ဒီထက် ပိုပြီးပြင်းထန်တဲ့သွေးတိုးပြဿနာအဖြစ် ရှိတတ်ပါတယ်။
>> White Coat သွေးတိုးနှင့် သွေးတိုးရောဂါ
အခုနပြောခဲ့သလိုပဲ White Coat ကြောင့်ဖြစ်တဲ့ သွေးတိုးကတော့ ဆေးခန်းတွေသွားတဲ့အခါမှာသာ တွေ့ရတတ်ပြီးတော့ ပုံမှန်သွေးတိုးရောဂါကတော့ ဘယ်နေရာမှာမဆိုတိုင်းရင် သွေးတိုးနေတာကို ပြောတာပါ။
ဒီလိုမျိုး ဆေးခန်းမှာ တိုင်းကြည့်တဲ့အခါမှာ သွေးပေါင်ချိန် မြင့်နေတာတွေရဲ့ 15-30% လောက်က အမှန်တကယ်ကို White Coat Hypertension ဖြစ်ပြီး ဒါက ပုံမှန်အမြဲသွေးတိုးရောဂါ ရှိနေတယ်လို့ ပြောလို့မရပါဘူး။ တခြားတစ်ဖက်အနေနဲ့ ပြောရရင် အချို့က ဆေးခန်းမှာ သွေးပေါင်ချိန် ပုံမှန်ဖြစ်နေပေမယ့်လည်း အခြားနေရာတွေမှာ သွေးပေါင်ချိန်များနေတာမျိုးလည်း ရှိပါတယ်။ ဒါကိုတော့ Masked Hypertension လို့ ခေါ်ပါတယ်။
>> သွေးတိုးစေသော အကြောင်းအရင်းများ
White Coat Hypertension ဆိုတာက ယာယီသွေးတိုးတာ ဖြစ်တဲ့အတွက် တစ်ခါတစ်ရံမှသာ သွေးတိုးတယ်ဆိုရင် ပြဿနာမဟုတ်ပေမယ့်လည်း ဆရာဝန်အချို့ကတော့ ဒီသွေးတိုးခြင်းက အမှန်တကယ် သွေးတိုးရောဂါရဲ့ရှေ့ပြေးဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ လေ့လာမှုတစ်ခုအရ White Coat Hypertension ရှိသူတွေက လေဖြတ်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း၊ နှလုံးပျက်စီးခြင်းနဲ့ အခြားနှလုံးသွေးကြောရောဂါတွေ ဖြစ်နိုင်ချေ များတယ်လို့ တွေ့ရှိထားပါတယ်။
နောက်လေ့လာမှုတစ်ခုကတော့ နှလုံးရောဂါကြောင့် သေရတဲ့ဖြစ်ရပ် အများစုက White Coat Hypertension နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါတွေကြောင့်ပဲ သွေးတိုးတဲ့အခါမှာ သွေးတိုးရတဲ့ အကြောင်းအရင်းကို သိအောင်လုပ်ပြီး ရောဂါဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်။
>> အခြားအကြောင်းအရင်းများ
Duty Coat ဝတ််ထားတဲ့ဆရာဝန်တွေနဲ့ တွေ့ရမှာ စိုးရိမ်ထိတ်လန့်လို့ သွေးတိုးတာက တစ်ခါတလေမှ ဖြစ်တတ်တာပါ။ တချို့လူတွေက စိတ်ဖိစီးမှုတွေ၊ အရေးပေါ်အခြေအနေတွေကို ကြုံတွေ့ရတဲ့အခါ၊ သွေးကျဆေး ပုံမှန်မသောက်တဲ့အခါ၊ ဆားဓာတ်များတဲ့ အစားအစာတွေ စားတဲ့အခါနဲ့ ကဖင်း စားသုံးမှု များတဲ့အခါတွေမှာလည်း ယာယီသွေးတိုးတတ်ပါတယ်။
ဒီသွေးတိုးတာတွေက ခဏတာပဲ ဆိုပေမယ့်လည်း နှလုံးကိုဒဏ်ဖြစ်ပြီး ပျက်စီးစေနိုင်ပါတယ်။ ဒီလို ခဏခဏသွေးတိုးတာ ကြာလာရင် နှလုံးထိခိုက်ပျက်စီးမှုတွေကို ပိုပြီးပြင်းထန်လာစေနိုင်ပါတယ်။
>> White Coat Syndrome ကို ဘယ်လိုကျော်လွှားကြမလဲ?
တချို့လူတွေက သွေးပေါင်တိုင်းတဲ့အခါမှာ သွေးပေါင်ချိန် တက်နေမှာစိုးတဲ့စိတ် ဖြစ်ပြီးတော့ ဆေးခန်းသွားလို့ သွေးပေါင်တိုင်းတဲ့အချိန်လည်းရောက်ရော သွေးတိုးနေတတ်ပါတယ်။ ဒီတော့ သွေးပေါင်ချိန် အမှန်ကို ရရှိဖို့အတွက် သွေးပေါင်မတိုင်းမီမှာ ဒီအချက်လေးတွေကို သတိထားပေးပါ။
● စိတ်ကို လျှော့ချထားပါ။
● သွေးပေါင်တိုင်းမယ့်အချိန်မှာ စိတ်လှုပ်ရှားနေတယ်၊ စိုးရိမ်ပူပန်နေတယ်ဆိုရင် ဆရာဝန် (သို့) သူနာပြုကို ခဏလောက် စောင့်ပေးဖို့ ပြောပါ။
● တခြားတစ်နေရာကို ရွှေ့ပါ။
● တစ်ခါတလေမှာ ဆရာဝန်ရဲ့ အခန်းရှေ့နားလေးက လူနာတွေ၊ ဝန်ထမ်းတွေနဲ့ ပြည့်ကြပ်နေတတ်ပါတယ်။ ဒီတော့ မှန်ကန်တဲ့ သွေးပေါင်ချိန်ကို ရရှိဖို့အတွက် တိတ်ဆိတ်တဲ့နေရာကို ရွှေ့ပြီး ချိန်လို့ရမလားဆိုတာကို ပြောကြည့်ပါ။
● စိတ်ဖိစီးမှုကို လျော့ကျစေမယ့်နည်းလမ်းတွေကို ကျင့်သုံးကြည့်ပါ။
● စိတ်ဖိစီးမှုတွေ ကြုံရတဲ့အချိန် (သို့) စိတ်လှုပ်ရှားမှုတွေ ဖြစ်တဲ့အချိန်မှာ စိတ်ပြေလျော့ပြီး တည်ငြိမ်စေမယ့် နည်းလမ်းတစ်နည်းကို ရှာထားပါ။ ဥပမာ - အသက်ပြင်းပြင်း ရှူသွင်းပြီးတော့ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်တာမျိုးကို သွေးပေါင်မတိုင်းခင် လုပ်ကြည့်ပါ။
● စကားစမြည် ပြောဆိုခြင်း - တချို့လူတွေက သွေးပေါင်တိုင်းချိန်မှာ စကားပြောနေခြင်းက ဒီပေါ်ကို စိတ်မရောက်တော့ဘဲနဲ့ ပိုမှန်တဲ့အဖြေကို ရစေနိုင်သလို တချို့ကတော့ ဘာမှမပြောဘဲနဲ့ ငြိမ်ငြိမ်လေး ထိုင်နေတာက ပိုပြီးစိတ်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒီတော့ ကိုယ်နဲ့ ဘယ်လိုနည်းလမ်းနဲ့ ကိုက်ညီလဲဆိုတာကို ရှာကြည့်ပါ။
>> သွေးတိုးကို ဘယ်လိုရောဂါ သတ်မှတ်ကြမလဲ?
သွေးပေါင်ချိန် တိုင်းလိုက်လို့ သွေးတိုးနေတယ်ဆိုရင် ဆရာဝန်က ရက်သတ္တပတ် (သို့) လအနည်းငယ်ကြာအောင် သွေးပေါင်ချိန်ခိုင်းပြီး စောင့်ကြည့်ပါလိမ့်မယ်။ ဒါပေမဲ့လည်း White Coat Hypertension ရှိနေနိုင်ပါသေးတယ်။ ဒီတော့ White Coat လား၊ တကယ်သွေးတိုးတာလား ဆိုတာကို သေချာဖို့အတွက် အိမ်မှာ သွေးပေါင်ချိန်ဖို့ ပြောပါလိမ့်မယ်။
>> ကုထုံးများ
စိတ်ကို လျှော့ချပြီးချိန်မှာတောင်မှ သွေးပေါင်က တက်နေသေးတယ် ဆိုရင်တော့ ဆရာဝန်နဲ့ သေချာဆွေးနွေးဖို့ လိုပါတယ်။ အများစုကတော့ တစ်ခါသွေးပေါင်တက်ရုံနဲ့ သွေးတိုးလို့ မသတ်မှတ်ပါဘူး။ ဒီလို တစ်ကြိိမ် တိုင်းတာ သွေးတက်ရုံနဲ့ သွေးကျဆေး ပေးလိုက်မယ်ဆိုရင် သွေးပေါင်ကျခြင်း အပါအဝင် အခြားဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ စောင့်ကြည့်ပြီးတော့ သွေး တကယ်တိုးတယ်ဆိုမှသာ သွေးကျဆေးသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။
>> သိမှတ်စရာအချက်များ
ဆရာဝန်ဆီ သွားပြတဲ့အချိန်မှာ ယာယီသွေးပေါင်တက်တာမျိုး ဖြစ်တတ်ပြီး ဒါက ပြဿနာကြီးကြီး မဟုတ်ပေမယ့်လည်း စောင့်ကြည့်ဖို့တော့ လိုပါတယ်။
ဆေးခန်းမှာရော အခြားအခြေအနေတွေမှာပါ ဒီလိုမျိုး ယာယီသွေးတိုးတာ ကြာလာပြီဆိုရင် နှလုံးကို ထိခိုက်စေနိုင်ပြီးတော့ အခြားပြင်းထန်တဲ့အခြေအနေတွေ ဖြစ်နိုင်ချေကို တက်လာစေပါတယ်။ ဒီတော့ ကိုယ့်ရဲ့သွေးပေါင်ချိန်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ အကောင်းဆုံး ကုသနည်းကို ရွေးချယ်နိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























