ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေသော အချက်များ
အရက်သေစာ၊ ပဋိသန္ဓေတားဆေး BRCA gene (မျိုးရိုးဗီဇ)၊ ဘယ်အရာတွေက ရင်သားကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေတာပါလဲ။ ကင်ဆာပညာရှင်တစ်ဦးကတော့ ရင်သားဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့အကြောင်းအရာတွေကို ဖြစ်နိုင်ချေအရှိဆုံးမှ အနည်းဆုံးအထိ 1, 2, 3 ဆိုပြီး အဆင့်သတ်မှတ်ပေးထားပါတယ်။ လေ့လာကြည့်ရအောင်…
အဝလွန်ခြင်း (3)
သွေးဆုံးပြီးအမျိုးသမီးတွေအတွက် ကိုယ်အလေးချိန်ဟာ အီစထရိုဂျင်ဟော်မုန်းထုတ်လုပ်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍတခုဖြစ်လာပါတယ်။ သွေးဆုံးချိန်မတိုင်မီမှာ မျိုးဥအိမ်ကထုတ်ပေးတဲ့ အီစထရိုဂျင်ကို သွေးဆုံးပြီးနောက်ပိုင်းမှာ ခန္ဓာကိုယ်မှအဆီဆဲလ်တွေက ထုတ်ပေးမှာဖြစ်တာကြောင့် အဆီများလေလေ၊ အီစထရိုဂျင်ဟော်မုန်းများလေလေဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း (3)
2011 မှာပြုလုပ်ခဲ့တဲ့ American Institute for Cancer Research နှစ်ပတ်လည်အစည်းအဝေးမှာ တင်ပြခဲ့တဲ့ လေ့လာမှုအရ တစ်နှစ်အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ ရင်သားကင်ဆာဖြစ်စဉ် 49,000 ခန့်ဟာ ကိုယ်လက်လှုပ်ရှားမှုနည်းပါးမှုနဲ့ သက်ဆိုင်နေတယ်လို့သိရပါတယ်။
အသက် (3)
အနီးအနားရှိအင်္ဂါများသို့ ကင်ဆာဆဲလ်များပျံ့နှံ့ခြင်းရဲ့ သုံးပုံနှစ်ပုံခန့်ဟာ အသက် 55 နှစ်နှင့်အထက်အမျိုးသမီးတွေမှာ ဖြစ်တာကိုတွေ့ရပါတယ်။
မျိုးရိုးဗီဇ (3)
ရင်သားကင်ဆာဖြစ်ပွားသူ အယောက် 100 မှာ 10 ယောက်က မျိုးရိုးဗီဇကြောင့်ဖြစ်တယ်လို့ယူဆရပါတယ်။
ယမကာမှီဝဲခြင်း (2)
တစ်နေ့လျှင် အရက် 2 ပတ်မှ 3 ပတ်အထိ သောက်သုံးခြင်းက ရင်သားကင်ဆာဖြစ်ပွားနှုန်းကို 20% ထိ မြင့်တက်စေတယ်လို့ သုတေသနတွေမှာဖော်ပြထားပါတယ်။
ဆီစားသုံးမှု (1)
2014 မှ လေ့လာမှုအရ ပြည့်ဝဆီစားသုံးတဲ့အမျိုးသမီးတွေမှာ ဟော်မုန်းလက်ခံနေရာရှိတဲ့ ကင်ဆာအမျိုးအစားဖြစ်ပွားနှုန်းဟာ 28% ထိ မြင့်တက်တာကိုတွေ့ရပါတယ်။
ပဋိသန္ဓေတားဆေး (1)
တားဆေးသုံးစွဲခြင်းကြောင့် ရင်သားကင်ဆာဖြစ်ပွားနှုန်းအနည်းငယ်မြင့်တက်နိုင်ပေမယ့် တားဆေးသုံးစွဲမှုရပ်တန့်ပြီ နောက် 10 နှစ်အကြာမှာ ကင်ဆာဖြစ်ပွားနှုန်းဟာ ပုံမှန်သို့ပြန်လည်လျော့ကျသွားနိုင်ပါတယ်။
Parabens (1)
အလှကုန်ပစ္စည်းတွေမှာတာရှည်ခံအောင် ထည့်သွင်းအသုံးပြုထားတဲ့ပစ္စည်း Paraben ဟာ ခန္ဓာကိုယ်အတွင်းမှာ အီစထရိုဂျင်ကဲ့သို့ပြုမူတာကြောင့် ရင်သားကင်ဆာဆဲလ်များပွားနှုန်းကို အားပေးနိုင်ပါတယ်။ ဒါပေမဲ့ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး (FDA) က အလှကုန်တွေမှာပါဝင်တဲ့ Paraben အရေအတွက်ဟာ နည်းပါးတာကြောင့် စိုးရိပ်စရာမရှိဘူးလို့ဆိုပါတယ်။
အိပ်ရေးပျက်ခြင်း (1)
အချို့သောလေ့လာမှုတွေမှာ အိပ်ရေးမဝခြင်းနှင့် ဖြစ်ပွားနှုန်းဆက်စပ်မှုရှိတယ်လို့ ထောက်ပြခဲ့ပေမယ့် 2013 ခုနှစ် သြစတြေးလျလေ့လာမှုအရ ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)