လှပတဲ့မျက်ဝန်းတစ်စုံ ဖန်တီးခြင်းရဲ့ နောက်ဆက်တွဲသက်ရောက်မှု
တောက်ပတဲ့ မျက်၀န်းတစ်စုံကို အမျိုးသမီးတိုင်းလိုချင်တပ်မက်ကြတာချည်းပါဘဲ။ ဒါကြောင့် မျက်လုံးကို ကာလမျိုးစုံ ခြယ်သတာ၊ ကော့ညွတ်တဲ့ မျက်တောင် ပိုင်ဆိုင်ဖို့ မျက်တောင်တုတပ်တာ၊ မျက်တောင်စိုက်တာတွေဟာ ပျိုမေတို့ကြားမှာ ရေပန်းစားလာတာပါ။ ဒီလိုပေါ်ပြူလာဖြစ်နေတဲ့ မျက်လုံးကို အမျိုးမျိုးပြင်ဆင်ခြယ်သတာတွေ ထဲမှာမှ တောက်ပတဲ့ ရောင်စုံမျက်၀န်းတစ်စုံထွက်ပေါ် လာစေဖို့ ခြယ်သတဲ့ ကာလာစုံရောင်ခြယ်မှုန့်တွေက မျက်လုံးအပေါ် အန္တရာယ်သက်ရောက်မှု နည်းတယ်ဆိုပေမယ့် အခန့်မသင့်ဘဲ မျက်အိမ်ထဲ ယင်းရောင်ခြယ်မှုန့်လေးတွေ ၀င်သွားပါက မျက်လုံးယားယံခြင်း၊ နီမြန်း၊ ကျိန်းစပ်ခြင်းစတဲ့ အသေးစားတုံ့ပြန်မှုလေးတွေ ခံစားရတတ်ပါတယ်။
ဒါ့အပြင် မျက်တောင်ရှည်လာသယောင် ထင်ရစေမယ့် မျက်တောင်တုလေးတွေကလည်း တစ်နည်းတစ်ဖုံနဲ့ ပျိုမေတို့ရဲ့ မျက်လုံးကို ဆိုးကျိုးသက်ရောက် စေနိုင်တယ်ဆိုတာကိုလည်း လျစ်လျူရှုမထားသင့်ပါဘူး။ အချို့သော မျက်တောင်တုတွေမှာ မျက်လုံးကို ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ formaldehyde ပါ၀င်တာကြောင့် ဒီလို မျက်တောင်မျိုးတပ်မိပါက မျက်လုံးရောင်ရမ်းခြင်း၊ ပိုး၀င်ခြင်း စတဲ့ ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်ပါတယ်။ မျက်တောင်တုတပ်တာများလာတာနဲ့အမျှ ပင်ကိုမျက်တောင်အပေါ် မျက်တောင်တုက တချိန်လုံးဖိထားတာဖြစ်တဲ့အတွက် မျက်တောင်မွှေးညှင်းပေါက်တွေပိတ်သွားကာ မျက်တောင်အစစ်တွေ ကျွတ်ထွက်ကုန်ပြီး မျက်တောင်ပြန်မပေါက်တော့တဲ့ အထိတောင် ဖြစ်စေနိုင်ပါတယ်။ ဒီလိုပါပဲ မျက်တောင်စိုက်တယ်ဆိုတာလည်း အလွန်အန္တရာယ်များတဲ့ စွန့်စားမှုတစ်ခုပါ။ မှိုပိုး၊ ဗိုင်းရပ်စ်ပိုးတွေ မျက်လုံးထဲကို တိုက်ရိုက်၀င်နိုင်စေဖို့ လမ်းဖွင့်ပေးလိုက်သလိုဖြစ်တဲ့အတွက် မျက်လုံးဓာတ်မတည့်မှုတွေ ပြင်းထန်ဆိုးရွာစွာခံစားရနိုင်ပါတယ်။
ဒါကြောင့် ပျိုမေတို့အနေနဲ့ မျက်တောင်ကော့ညွတ်လှပဖို့အတွက် သဘာ၀နည်းနဲ့ မျက်တောင်ရှည်အောင်လုပ်တာ အန္တရာယ် အကင်းဆုံးပါ။ မျက်တောင်ရှည်ဖို့ eyelash serum သုံးနိုင်သလို သံလွင်ဆီ၊ vaseline၊ (လက်သည်း၊ ဆံပင်၊ အရေပြား) အတွက်ထုတ်ထားတဲ့ Biotin ကို မျက်တောင်မွှေးလေးတွေအပေါ်အသာအယာ လိမ်းပေးနိုင်တဲ့အပြင် လက်ဖက်စိမ်း လက်ဖက်ရည် (Green Tea)ကို မျက်တောင်လေးတွေမှာ စိုစေခြင်းဖြင့်လည်း မျက်တောင်ရှင်သန်လာစေနိုင်ပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံများများစားတာ၊ ညဘက်မိတ်ကပ်ဖျက်ပြီးမှ အိပ်ရာ၀င်တာစတဲ့ အလေ့အကျင့်တွေက မျက်တောင်ရှည်စေဖို့ အထောက်အကူဖြစ်စေပါတယ်။
CMS (www.drmyanmar.com)