/
news/သွားဖုံး-သွေးယိုတာ-ဘာလို့လဲ

သွားဖုံး သွေးယိုတာ ဘာလို့လဲ?

          သွားဖုံးတွေ သွေးယိုပြီး ရောင်ရမ်းလာတာဟာ သွားဘေးမှာကပ်နေတဲ့ သွားကျောက်ကြောင့် ဖြစ်တာပါ။ ကာလကြာရှည်လာတဲ့အခါ ဒီသွားကျောက်တွေဟာ ပိုပိုပြီး မာကျောလာပြီး သွားဖုံးတွေကြား ရောဂါပိုးတွေ ခိုအောင်းရာ ဖြစ်လာသလို သွားဖုံးကို ဆွတဲ့အတွက် သွေးထွက်တာ ရောင်ရမ်းတာ ပါးစပ် အနံ့ဆိုးတာတွေ ဖြစ်လာပါတယ်။ သွားဖုံးရောင်တာ သွေးထွက်တာ သိပ်ဆိုး၊ သိပ်ကြာလာတဲ့အခါ သွားအခြေတွေပါ ယိုင်လာပြီး သွားဆွေးမြေ့ ဆုံးရှုံးတာတွေထိ ဖြစ်နိုင်ပါတယ်။

          ဒီတော့ သွားဆရာ၀န်ဆီမှာ ပြသ ကျောက်ခြစ်သင့်ပါတယ်။ သွားကျောက် ရှိ၊ မရှိိ မှန်မှန်စစ်ဆေးတာကို မြန်မာပြည်သားတွေ လုပ်လေ့မရှိပါဘူး။ စစ်ဆေးပြီး ကျောက် ဖယ်ရှားတာ၊ သွားဖုံးကျန်းမာရေး စစ်ဆေးတာမျိုး အခါအားလျော်စွာ ပြုလုပ်သင့်ပါတယ်။

          သွားဖုံးသွေးယိုတဲ့အခါ နှလုံးရောဂါ၊ လေဖြတ်တာတွေနဲ့လည်း တိုက်ရိုက်ဆက်စပ်ကြောင်း တွေ့ရှိထားပါပြီ။

●        အသက် 60 အထက် လူကြီးတွေ

●        အတက်ရောဂါဆေး၊ နှလုံးဆေးသောက်နေသူတွေ

●        စိတ်ဖိစီးမှု များသူတွေ

●        အာဟာရ ပြည့်၀အောင် မစားသူတွေ

●        သွားကို နည်းမှန်လမ်းမှန် မတိုက်သူတွေ။

 

          ခံတွင်းသန့်ရှင်းမှု အားနည်းသူတွေမှာ သွားဖုံး သွေးထွက်တာ၊ ရောင်တာ ဖြစ်နိုင်ပါတယ်။ ဒီတော့ သွားဖုံး သွေးယိုရင် ရောင်တယ်ထင်ရင် မပေါ့ဆဘဲ သွားဆရာ၀န်တွေကို ပြသ စစ်ဆေးကြပါလို့ အကြံပြုပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)