အမျိုးသမီးများလျစ်လျူရှုမထားသင့်တဲ့ ကင်ဆာရောဂါလက္ခဏာများ
အမျိုးသမီးတွေအနေနဲ့ ပိန်တာ၊ ၀တာကြောင့် ခန္ဓာကိုယ် သိသိသာသာပြောင်းလဲလာစေနိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်းဖြစ်စဉ်တွေကြောင့် ခန္ဓာကိုယ်အပေါ်ယံရုပ်လွှာမှာလည်း ပြောင်းလဲမှုတွေအစဉ်အမြဲဖြစ်ပေါ်နေ တတ်ပါတယ်။ ဒါကြောင့် တခါတရံမှာ ကင်ဆာလက္ခဏာကို သာမန်ခန္ဓာကိုယ်ပြောင်းလဲမှုလို့သာ မှတ်ယူတတ်ကြပါတယ်။ သို့ဖြစ်သောကြောင့် ကင်ဆာရောဂါခံစားနေရခြင်းကို အချိန်လွန်မှ သိရှိပြီး အသက်ဆုံးရှုံးသွားသူတွေ ရေတွက်လို့မရနိုင်အောင် များပြားနေခြင်းဖြစ်ပါတယ်။ ဒါအတွက် သင့်အနေနဲ့ ခန္ဓာကိုယ်မှာ တစ်စုံတစ်ခုပြောင်းလဲ လာခြင်း ဒါမှမဟုတ် ပြောင်းလဲမှုလက္ခဏာအတွက် ထူးထူးခြားခြားခံစားမိခြင်းကို သိရှိနိုင်စေဖို့ အမြဲတမ်း မိမိကိုယ် မိမိဂရုစိုက်စောင့်ကြည့်နေသင့်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါကို သတိမမူမိဘဲ အသက်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်အောင် ခန္ဓာကိုယ်ရှိ ဘယ်လိုပြောင်းလဲမှုတွေက ကင်ဆာဖြစ်စေနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။
ဒါပေမယ့် ဒီအချက်တွေကိုခံစားရတာနဲ့ ကင်ဆာဆိုပြီး တထစ်ချပြောလို့မရပါဘူး။ ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။
1. ရင်သားပြောင်းလဲခြင်း
ရင်သားအရေပြားရှုံ့နေခြင်း (သို့) ချိုင့်နေခြင်း၊ နို့သီးခေါင်းအတွင်းဘက်သို့၀င်နေခြင်း၊ နို့သီးခေါင်းတွင် အရည်စိုစိုစွတ်စွတ်ဖြစ်နေခြင်း၊ နို့သီးခေါင်း(သို့) ရင်သားနီမြန်းခြင်း၊ အသားစဖတ်လေးများ ကွာကျလာခြင်းအစရှိ တဲ့ရင်သားပြောင်းလဲမှုတွေဟာ ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ လက္ခဏာတွေဖြစ်တာကြောင့် ရင်သားကို အစဉ်အမြဲ သတိပြုနေသင့်ပါတယ်။ ယင်းကဲ့သို့ ရင်သားဆိုင်ရာလက္ခဏာများခံစားရပါက ရောဂါဖြစ်စေသော အကြောင်းရင်း ကို သိရှိရန်အတွက် ဆရာ၀န်နဲ့ သေချာတိုင်ပင်ပြီး ကုသမှုခံယူဖို့ လိုအပ်မှာဖြစ်ပါတယ်။
2. ၀မ်းဗိုက်ဖောရောင်ခြင်း
တချို့အမျိုးသမီးများအနေနဲ့ ရာသီလာစဉ်အတွင်း ဗိုက်နာ၊ ဗိုက်အောင့်ခြင်းဟာ ဆိုးရွားပြင်းထန်လွန်းတာ ကြောင့် အလုပ်တာ၀န်များကိုပါ အနှောင့်အယှက်ဖြစ်စေတဲ့အထိ ရင်ဆိုင်ရတတ်ပါတယ်။ ဒါပေမယ့် အဆိုပါလက္ခဏာများကို ယခင်က မိမိခံစားရတဲ့အချိန်ထက် လွန်ပြီးခံစားခြင်း၊ အစား အသောက်ပုံစံပြောင်းလဲစားသောက်ခြင်းမရှိဘဲ ကိုယ်အလေးချိန်ကျသွားခြင်း၊ ရာသီလာချိန်ပြောင်းလဲခြင်း၊ အမြဲ တစေ ဒါမှမဟုတ် မကြာခဏဗိုက်နာ၊ ဗိုက်အောင့်၊ ၀မ်းဗိုက်ဖောရောင်ခြင်းတို့ဟာ သားအိမ်ကင်ဆာဖြစ်စေနိုင်တဲ့ ရောဂါလက္ခဏာများဖြစ်ပါတယ်။ ယင်းကဲ့သို့ခန္ဓာကိုယ်မှာ တစ်စုံတစ်ရာထူးထူးခြားခြားပြောင်းလဲမှုများခံစားရပါက ဆရာ၀န်ပြသသင့်ပြီး ရောဂါဖြစ်စေတဲ့အကြောင်းရင်းကို သိရှိရန်အတွက် Pelvic စစ်ဆေးမှု၊ သွေးစစ်ဆေးမှုကို ပြုလုပ်ရန်လိုအပ်တဲ့အပြင် အယ်လ်ထရာဆောင်း (USG) ရိုက်ကြည့်ဖို့ပါလိုအပ်နိုင်ပါတယ်။
3. သွေးဆုံးချိန်တွင် မီးယပ်ပေါ်ခြင်း
လစဉ်ရာသီလာစက်၀န်းအတွင်းမဟုတ်ဘဲ ရာသီသွေးပေါ်ခြင်း၊ သွေးဆုံးပြီးချိန် သွေးဆင်းခြင်းတို့ဟာ သားအိမ်ကင်ဆာဖြစ်စေနိုင်တာကြောင့် ယင်းကဲ့သို့ လက္ခဏာများတွေ့ရှိပါက ဆရာ၀န်နဲ ့စောလျင်စွာ ပြသဖို့လိုအပ်ပါတယ်။
4. မှဲ့အရောင်ပြောင်းခြင်း
မှဲ့အရောင်၊ ပုံသဏ္႑ာန်၊ အရွယ်အစားပြောင်းလာခြင်း (သို့) အရေပြားပေါ်မှာ အနီဖု၊ အစက်အပြောက်များ ဖြစ်ပေါ်လာခြင်းဟာ အရေပြားကင်ဆာဖြစ်စေနိုင်တာကြောင့် အရေပြားပေါ်မှာ တစ်စုံတစ်ခုပေါ်လာခြင်း၊ မှဲ့ပုံစံ ပြောင်းလဲခြင်းတို့သိရှိပါက ဆရာ၀န်နဲ့ပြသင့်ပါတယ်။
5. ဆီး၀မ်းတွင်သွေးပါခြင်း
၀မ်းသွားတဲ့အခါ သွေးပါခြင်းဟာ လိပ်ခေါင်းရောဂါကြောင့်ဖြစ်စေနိုင်သလို အူမကြီးကင်ဆာဖြစ်စေနိုင်တဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ ထို့အတူ ဆီးထဲသွေးပါခြင်းဟာ ဆီးအိတ် (သို့) ကျောက်ကပ်ကင်ဆာ ဖြစ်စေနိုင်တဲ့လက္ခဏာတစ်ရပ်ဖြစ်တာကြောင့် ဆီး၀မ်းတွင်သွေးပါခြင်းဟာ တစ်ရက် (သို့) နှစ်ရက်ထက်ပိုပြီးကြာ ရှည်နေပါက ဆရာ၀န်ပြသင့်နေပါပြီ။
6. ပုံမှန်အကျိတ်များပြောင်းလဲခြင်း
ပုံမှန်အကျိတ်များဟာသေးငယ်ပြီး ပဲစေ့ပုံသဏ္႑ာန်ရှိတဲ့ ပြန်ရည်ဆဲလ်ဂလင်းများဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်မှုကြောင့် ၎င်းဂလင်းများပြောင်းလဲလာပြီး ရောင်ရမ်းခြင်းအဖြစ်သို့ ရောက်ရှိ ကာ သွေးဖြူဥကင်ဆာ၊ ပြန်ရည်ဂလင်းကင်ဆာဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ပေါ်ရှိ မည်သည့်နေရာတွင်မဆို အဖုဖြစ်ပေါ်ခြင်း၊ ရောင်ရမ်းခြင်းတို့ကို တစ်လထက်ပိုပြီး ခံစားနေရပါက ပြန်ရည်ဂလင်းရောင် ရမ်းခြင်းကြောင့်ဖြစ်စေတာကြောင့် ဆရာ၀န်နဲ့ပြသင့်ပါတယ်။
7. အစာမျိုချရခက်ခြင်း
ရံဖန်ရံခါအစာမျိုရခက်ခြင်းအတွက် စိုးရိမ်ဖွယ်ရာမရှိပေမယ့် မကြာခဏအစာမျိုချရာမှာ အခက်အခဲဖြစ်ခြင်း အထူးသဖြင့် အန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ဖြင့် တွဲလျက်ခံစားရပါက လည်ချောင်းကင်ဆာ၊ အစာအိမ် ကင်ဆာဖြစ်စေနိုင်တာကြောင့် ဆရာ၀န်ပြသင့်ပါတယ်။ ဆရာ၀န်အနေနဲ့ လည်ချောင်းစစ်ဆေးခြင်း၊ လိုအပ်သော အဆင့်မြင့်ဓာတ်မှန် (Barium X-ray) ရိုက်ပေးမှာဖြစ်ပြီး ယင်းအူလမ်းကြောင်းအိတ်စရေးဓာတ်မှန်မရိုက်မီ Barium ပါသော မြေဖြူ ကဲ့သို့ အရည်မျိုးကို မျိုချရမှာဖြစ်ပါတယ်။
8. နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းမရှိဘဲ ကိုယ်အလေးချိန်ကျသွားခြင်း
အမျိုးသမီးအများစုအနေနဲ့ ကိုယ်အလေးချိန်အလိုအလျောက်ကျသွားခြင်းကို လိုချင်တောင့်တတတ်ကြ ပါတယ်။ ဒါပေမယ့် စားသောက်မှုပုံစံပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းလုပ်တဲ့အလေ့အထမရှိဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်ကျော်ကျသွားခြင်းဟာ ကင်ဆာရောဂါရဲ့ လက္ခဏာတွေထဲမှာ ပါ၀င်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုကြောင့်၊ သိုင်းရွိုက်ရောဂါကြောင့်လည်း ကိုယ်အလေးချိန် ကျနိုင်ပါတယ်။
9. ရင်ပူရင်ဆာဖြစ်ခြင်း
အစာလွန်ကဲစွာစားမိခြင်း၊ အရက်သောက်ခြင်းနဲ့ ဖိစီးမှုတွေကြောင့် ရင်ပူနာဖြစ်စေနိုင်ပါတယ်။ ရင်ပူနာအား သက်သာစေရန်အတွက် တစ်ပတ် (သို့) နှစ်ပတ်ခန့်စားသောက်မှုပုံစံပြောင်းပေးသင့်ပါတယ်။ အစားအသောက်ပုံစံ ပြောင်းလဲသော်လည်း ရင်ပူနာသက်သာခြင်းမရှိဘဲ ပိုဆိုးလာပါက အစာအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာ (သို့) သားအိမ်ကင်ဆာဖြစ်စေနိုင်တဲ့ရောဂါလက္ခဏာဖြစ်တာကြောင့် ဆရာ၀န်နဲ့ပြသသင့်ပါတယ်။
10. ပါးစပ်တွင်အကွက်ဖြစ်ပေါ်ခြင်း
ဆေးလိပ်သောက်သူဖြစ်ပါက ပါးစပ်တွင်း (သို့) နှုတ်ခမ်းသားပေါ်မှာ အဖြူရောင်အကွက်၊ အနီရောင် အကွက်ပေါ်လာသလားဆိုတာ သတိပြုသင့်ပါတယ်။ ၎င်းအကွက်များဟာ ပါးစပ်ကင်ဆာဖြစ်စေတဲ့ လက္ခဏာဖြစ် တာကြောင့် ယင်းအကွက်များဖြစ်ပေါ်လာပါက ဆရာ၀န်နဲ့စမ်းသပ် စစ်ဆေးမှုများပြုလုပ်သင့်ပါတယ်။
11. ဖျားနာခြင်း
ဖျားနာခြင်း၊ ကိုယ်ပူခြင်းကို နာတာရှည်ရောဂါကဲ့သို့ကြာရှည်စွာခံစားနေရပါက သွေးဖြူဥကင်ဆာ(သို့) အခြားသွေးကင်ဆာတစ်မျိုးမျိုး ဖြစ်နိုင်တာကြောင့် ဆရာ၀န်နဲ့စောလျင်စွာပြသဖို့လိုအပ်ပါတယ်။
12. အလွန်အမင်းပင်ပန်းနွမ်းလျခြင်း
အမျိုးသမီးအများစုအနေနဲ့ အလုပ်များလွန်းခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် သာမန်နဲ့မတူဘဲ လွန်မင်းစွာအားအင်ကုန်ခမ်းနေခြင်း၊ အမြဲတစေ မောပန်းနေသလိုခံစားရတဲ့အပြင် အခြားလက္ခဏာတစ်ခုဖြစ်တဲ့ ၀မ်းထဲမှာသွေးပါခြင်းကို တွဲလျက်ခံစားလာရပါက ဆရာ၀န်နဲ့ပြသဖို့လိုအပ်ပါပြီ။ ဆရာ၀န်အနေနဲ့ ခံစားနေရတဲ့ရောဂါ အကြောင်း ပြည့်ပြည့်စုံစုံမေးမြန်း မှာဖြစ်ပြီး သွေးစစ်ဆေးမှုပြုလုပ်စေမှာဖြစ်ပါတယ်။
13. ချောင်းဆိုးခြင်း
များသောအားဖြင့် ချောင်းဆိုးခြင်းကိုသုံးပတ်၊ လေးပတ်ကြာမျှသာ ခံစားရလေ့ရှိတတ်ကြပါတယ်။ အချိန် ကာလတစ်ခုထက်ကြာရှည်စွာချောင်းဆိုးနေခြင်းအတွက် လျစ်လျူရှုမထားသင့်ပါဘူး။ အထူးသဖြင့် ဆေးလိပ် သောက်သူတွေ၊ အသက်ရှုကျပ်သူတွေအနေနဲ့ နာတာရှည်ချောင်းဆိုးတဲ့အခါ ပိုပြီးသတိထားသင့်ပါတယ်။ ချောင်း ဆိုးပြီးသလိပ်မှာသွေးပါလာပါက အဆုတ်ကင်ဆာဖြစ်စေနိုင်တဲ့လက္ခဏာဖြစ်တာကြောင့် ဆရာ၀န်နဲ့အမြန်ဆုံး ပြသင့်ပါတယ်။
14. နာကျင်ကိုက်ခဲခြင်း
ကင်ဆာရောဂါအများစုဟာ နာကျင်ကိုက်ခဲမှုေ၀ဒနာကို မဖြစ်ပေါ်စေပါဘူး။ ဒါပေမယ့် နာတာရှည်နာကျင်ကိုက်ခဲမှုေ၀ဒနာတွေဟာ အရိုးကင်ဆာ၊ ဦးနှောက်ကင်ဆာနဲ့ အခြားကင်ဆာရောဂါတချို့ရဲ့ လက္ခဏာဖြစ်တာကြောင့် ဆရာ၀န်နဲ့သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
15. ဗိုက်သားနာကျင်ခြင်းနှင့် စိတ်အားငယ်၊ စိတ်ဓာတ်ကျခြင်း
ရှားပါးတဲ့ရောဂါလက္ခဏာများဖြစ်ပါတယ်။ ဗိိုက်သားနာကျင်ခြင်း၊ စိတ်ဓာတ်ကျခြင်းဟာ ပန်ကရိယ ကင်ဆာဖြစ်စေနိုင်တဲ့လက္ခဏာဖြစ်တာကြောင့် ခံစားရပါက ဆရာ၀န်နဲ့ပြသင့်ပြီး ပုံမှန်ရောဂါစစ်ဆေးမှုခံယူသင့်ပါတယ်။
Dr. Htet Htet Aung




























