/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/vitamin-b2-riboflavin-အကြောင်း-သိကောင်းစရာ

Vitamin B2 (Riboflavin) အကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        Vitamin B2 ဟာကစီဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ် နဲ့ မျိုးဗီဇမော်လီကျူးတွေဖြစ်တဲ့ DNA ၊ RNA တို့ရဲ့ ဇီဝဖြစ်စဉ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ အိုမင်းရင့်ရော်မှုကိုဖြစ်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို တိုက်ထုတ်ပေးနိုင်တဲ့အပြင် သွေးနီဥဆဲလ်နဲ့ ကိုယ်ခံစွမ်းအား (Antibodies) ထုတ်လုပ်မှုမှာ အရေးပါလှတဲ့ ဗီတာမင် ဖြစ်ပါတယ်။

        ရေမှာပျော်၀င်တဲ့ ဗီတာမင်ဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ အချိန်ကြာကြာ သိုလှောင်ထားနိုင်စွမ်း မရှိတဲ့အတွက် Vitamin B2 ကြွယ်၀တဲ့အစားအစာတွေကို ပုံမှန်စားပေးဖို့လိုအပ်ပါတယ်။

 

Vitamin B2 ၏ ကောင်းကျိုးများ

        ခေါင်းတစ်ခြမ်းကိုက်ေ၀ဒနာကို သက်သာစေနိုင်တဲ့အပြင် သွေးအားနည်းရောဂါကင်းေ၀းစေရန် ခန္ဓာကိုယ်အတွင်း သံဓာတ်အလုံအလောက်ရရှိအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေစိုပြေဖို့၊ အမြင်အာရုံကောင်းမွန်ဖို့အတွက်လည်း များစွာအထောက်အကူ ပြုပေးနိုင်ပါတယ်။ Vitamin B1၊ B2၊ B12 သုံးမျိုးစပ် Vitamin ရဲ့ စွမ်းရည်သတိ္တက နာကျင်ကိုက်ခဲမှုေ၀ဒနာကို သက်သာပျောက်ကင်းစေပါတယ်။

 

Vitamin B2 ဆေးဝါးများကိုအသုံးပြုရသည့် ရောဂါများ

(1)   သွေးအားနည်းရောဂါ

(2)   ခံတွင်းပျက်ခြင်း

(3)   အထိန်းအကွပ်မဲ့ စားသောက်မိတဲ့ရောဂါ (bulimia)

(4)   လက်ရှိအာရုံကြောမတစ်ခု ပိခြင်းကြောင့် လက်နှင့် လက်ချောင်းများနာကျင်သောရောဂါ (carpal tunnel syndrome)

(5)   စိတ်ကျရောဂါ

(6)   မျက်လုံးများညောင်းညာကိုက်ခဲခြင်း

(7)   ပင်ပန်းနွမ်းလျခြင်း

(8)   HIV ရောဂါ

(9)   ခေါင်းတစ်ခြမ်းကိုက်ေ၀ဒနာ

(10) မွေးကင်းစကလေးငယ်တွင်ဖြစ်တတ်သောအသားဝါရောဂါ

(11) သိုင်းရွိုက်ရောဂါ

 

Vitamin B2 ချို့တဲ့ခြင်း

         Vitamin B2 ချို့တဲ့ရခြင်းဟာ နာတာရှည်ရောဂါ၊ အချို့သောဆေးဝါးများ (ဥပမာ-သနေ္ဓတားဆေးများကို မှီ၀ဲခြင်း)၊ နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးမှုနည်းခြင်း၊ နို့တွင်ပါသော Lactose သကြားဓာတ်နှင့် ဓာတ်မတည့်ခြင်း၊ လေ့ကျင့်ခန်းများ လွန်ကဲစွာလုပ်ခြင်းနဲ့ အလွန်အမင်းအစားရှောင်ခြင်းစတဲ့ အကြောင်းရင်းများကြောင့် ဖြစ်စေနိုင်ပါတယ်။ Vitamin B2 တစ်မျိုးတည်း သီးသန့်ချို့တဲ့တာထက် Vitamin B တစ်အုပ်စုလုံး ချို့တဲ့တာမျိုးကို တွေ့ရများပါတယ်။

         Vitamin B2 ချို့တဲ့နေခြင်းကို သိသာထင်ရှားစေတဲ့ လက္ခဏာတွေကတော့ -

1.  ကလေးများတွင် ဖွံ့ဖြိုးကြီးထွားနှုန်းနှေးကွေးခြင်း

2.  Vitamin B2 ချို့တဲ့ပါကသံဓာတ်၊ ကယ်လစီယမ်ဓာတ်နဲ့ သွပ်ဓာတ်များပါ ချို့တဲ့သွားပြီး သွေးအားနည်းရောဂါ၊ အရေပြားရောဂါအမျိုးမျိုး ၊ နှုတ်ခမ်းနားတစ်၀ိုက်နဲ့ လျှာပေါ်တွင် အနာပေါက်ခြင်း၊ လျှာရောင်ခြင်း

3.  မျက်လုံးများယားယံခြင်း၊ အမြင်အာရုံမကြည်လင်ခြင်း

4.  စိတ်ကျခြင်း

5.  သိုင်းရွိုက်၏ လုပ်ငန်းဆောင်တာများပျက်ယွင်းခြင်း

6.  မူးဝေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

 

♦ Vitamin B2 အဆိပ်သင့်မှု

        ပိုလျှံတဲ့ Vitamin B2 တွေဟာဆီးနဲ့အတူ ရောပါသွားတာကြောင့် ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတာမျိုးတော့ မရှိပါဘူး။ Vitamin B2 ရဲ့ မူလအရောင်က အဝါရင့်ရောင်ဖြစ်တဲ့အတွက် ဆီးက အဝါရောင်သန်းနေပါလိမ့်မယ်။ အကယ်၍ Vitamin B2 အဆမတန်လွန်ကဲများပြားလာမှသာ အရေပြားယားယံခြင်း၊ ထုံထိုင်းခြင်း၊ စပ်ဖျဉ်းဖျဉ်းခံစားရခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

 

Vitamin B2 မြင့်မားစွာပါ၀င်သော အစားအစာများ

        ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Vitamin B2 ကို မိမိနေ့စဉ်စားသုံးနေတဲ့ အစားအစာတွေမှ အလွယ်တကူရရှိနိုင်တာကြောင့် ညီညွတ်မျှတအောင် စားပေးဖို့တော့လိုအပ်ပါတယ်။

        Vitamin B2 ကြွယ်၀စွာပါ၀င်တဲ့ အစားအစာရင်းမြစ်များ -

(1)   ကညွတ်

(2)   ပန်းဂေါ်ဖီစိမ်း

(3)   ဥအမျိုးမျိုး

(4)   ငါးဥ

(5)   အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

(6)   ပဲတောင့်ရှည်များ

(7)   နို့နှင့်နို့ထွက်ပစ္စည်းများ

(8)   မှို

(9)   အခွံမာသီးများ

(10) ဟင်းနုနွယ်

(11) နေကြာစေ့

(12) ဂျုံစေ့အဆန်

(13) ကလီစာ

 

Vitamin B2 နေ့စဉ်လိုအပ်မှု ပမာဏ

        တစ်နေ့တာအတွက် Vitamin B2 လိုအပ်ချက်က အရွယ်ရောက်ပြီး အမျိုးသားတွေအတွက် 1.3mg ဖြစ်ပြီး အမျိုးသမီးတွေအတွက် 1.1 mg ဖြစ်ပါတယ်။

 

CMS

www.drmyanmar.com