/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရေယုန်-0

ရေယုန်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ရေယုန် ပေါက်ဖူးကြပါသလား၊ ရေယုန်ဆိုတာကို ကြားဖူးကြပါလား။ ရေယုန်ဆိုတာ နှုတ်ခမ်း၊ လည်ပင်းနဲ့ ပါးစပ်တွေမှာ နာတဲ့ အရည်ကြည်ဖုလေးတွေ ပေါက်တာကို ပြောတာပါ။ ရေယုန်ဟာ Herpes ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဖြစ်ပြီး အရမ်းကို ကူးစက်မြန်ပါတယ်။
သူ့မှာ အဆင့် ၃ ဆင့် ရှိပါတယ်။ ပိုးစဝင်တာရယ်၊ ဝင်ပြီး ငြိမ်နေတဲ့အချိန်ရယ်၊ ပြန်ဖြစ်တဲ့အချိန်ရယ်ပါ။ ပထမ ပိုးက အရေပြားမှာ ဝင်ပြီးရင် ပွားပါတယ်။ ဒီအခါမှာ အပေါ်ကပြောခဲ့တဲ့ အရည်ကြည်ဖုလေးတွေ ပေါ်လာတာတို့၊ ဖျားတာတို့ ဖြစ်တတ်ပြီး တချို့ကျတော့ ဘာလက္ခဏာမှ မပြတတ်ပါဘူး။
ပြီးရင် ပိုးက ကျောရိုးရဲ့ အာရုံကြောလေးတွေထဲမှာ ငြိမ်ငြိမ်လေးနေပြီး ပွားနေတတ်ပါတယ်။ တကယ်လို့ ကိုယ်က စိတ်ဖိစီးမှုတွေရှိနေရင်၊ ကိုယ်ခံအားမကောင်းတဲ့အချိန်တွေရယ်မှာ ပြန်ပြန်ပေါ်လာတတ်ပါတယ်။ ဒီလိုပြန်ပြန်ပေါ်တဲ့အချိန်တွေမှာ လိမ်းဆေးတွေ လိမ်းလို့ရပါတယ်။ အရမ်းအဆိုးကြီးမဟုတ်ဘဲ ၁ ပတ်၊ ၂ ပတ်လောက် ကြာရင် ပြန်ကောင်းသွားတတ်ပါတယ်။ တချို့လူတွေမှာ ရေယုန်က တစ်နှစ်ကို ၂ ခါ၊ ၃ ခါလောက် ဖြစ်တတ်ပြီး တချို့ကတော့ တစ်သက်မှာ တစ်ခါလောက်ပဲ ဖြစ်တတ်ကြပါတယ်။

>> လက္ခဏာတွေက -
ပိုးစစဝင်ချင်းမှာ ဘာလက္ခဏာမှမပြဘဲဝင်ပြီး ၁ ပတ်ကနေ ၃ ပတ်အတွင်းမှာ လက္ခဏာ စပြပါတယ်။ စစချင်းမှာ ပါးစပ်တစ်ဝိုက် ယားတာလို၊ ပူတာ နာတာလို ခံစားရပါတယ်။ ပြီးရင် အရည်ကြည်ဖုလေးတွေ စပေါက်လာပါတယ်။ များသောအားဖြင့် အောက်နှုတ်ခမ်းရဲ့ ထောင့်လေးတွေမှာပါ။ ဖျားတာ၊ လည်ချောင်းနာတာ၊ လည်ပင်းတစ်ဝိုက် နာတဲ့အကျိတ်တွေပေါ်တာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ စတာတွေလည်း ခံစားရတတ်ပါတယ်။ ဒီလိုလက္ခဏာတွေကို ၃ ပတ်လောက်ထိ ခံစားရတတ်ပါတယ်။ များသောအားဖြင့် အသက် ၁ နှစ်ကနေ ၅ နှစ်အတွင်း ကလေးတွေ ဖြစ်တာများပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။

>> အရမ်းဆိုးရင်တော့ -
● အနီရောင်အရည်ကြည်ဖုလေးတွေ ပေါက်ပြီး အရည်တွေ ထွက်တာ
● အရည်ကြည်ဖုအသေးတွေ စုပြီး အကြီးကြီး ဖြစ်သွားတာ
● အရည်ကြည်ဖုအသေးတွေမှာ ပြည်လို အဝါရောင်အရည်တွေ ပြည့်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

>> ဘာကြောင့်ဖြစ်ရတာလဲ?
အပေါ်မှာ ပြောခဲ့သလို Herpes ဗိုင်းရပ်စ်ကြောင့် ဖြစ်တာ ဖြစ်ပြီး နမ်းတာကနေ လိင်ဆက်ဆံတာ စတာတွေကနေ ကူးစက်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း နီးနီးကပ်ကပ်နေတာကနေ ကူးနိုင်ပါတယ်။ သဘက်၊ ဘရိတ်ဓား၊ ပန်းကန် စတဲ့ ပစ္စည်းတွေ တူတူ သုံးတာကနေလည်း ကူးစက်နိုင်ပါတယ်။

ပိုးက ဝင်ပြီး အာရုံကြောထဲရောက်တာနဲ့ ဒီလိုအချိန်တွေမှာ ပြန်ဖြစ်နိုင်ပါတယ်။
● ပင်ပန်းနေချိန်
● ရာသီလာချိန်
● ကိုယ်ခံအား နည်းနေချိန်
● ဟော်မုန်းအပြောင်းအလဲဖြစ်ချိန်
● စိတ်ဖိစီးမှုများတဲ့ချိန်
● ပြင်းထန်တဲ့နေရောင်ခြည်နဲ့ ထိတွေ့ချိန်
● အပူချိန်ပြင်းတဲ့အချိန်
● ဖျားနေတဲ့အချိန်
● သွားကိုပြုပြင်မှုလုပ်တဲ့အချိန်
● အသက်ရှူလမ်းကြောင်း ပိုးဝင်ချိန် စတဲ့အချိန်တွေမှာ ရောဂါလက္ခဏာ ပြန်ပေါ်လာတတ်ပါတယ်။

>> ဘယ်လိုကုသတာလဲ?
၁၀ ရက်လောက်ဆို အလိုလိုပျောက်လေ့ရှိပေမယ့် ခံစားရတာတွေ သက်သာအောင် မြန်မြန်ပျောက်အောင် လိမ်းဆေးလေးတွေ ဝယ်ပြီး လိမ်းလို့ရပါတယ်။
တကယ်လို့ အရမ်းဆိုးရင်တော့ သောက်ဆေးပေးပါလိမ့်မယ်။ ဒီဆေးတွေကို ရောဂါလက္ခဏာ ပေါ်ပေါ်ချင်း (စပြီးနာပြီ၊ အရည်ကြည်ဖုတွေ မပေါ်ခင်) သောက်မှ အကျိုးရှိပါတယ်။ ဒါဟာ ဗိုင်းရပ်စ်ကို ကုသပေးတာ မဟုတ်ဘဲ သူကနေ တခြားလူတွေကို မကူးအောင် သောက်ရတာ ဖြစ်ပါတယ်။

>> မိမိဘာသာ သက်သာအောင်လည်း ဒါတွေ လုပ်လို့ ရပါတယ်။
● အရည်ကြည်ဖုတွေကို ပိုးသတ်ဆပ်ပြာနဲ့ သေချာ ဆေးကြောပါ။
● ရေခဲကပ်ပေးပါ။
● ပူတာ စပ်တာတွေ မစား မသောက်ပါနဲ့ ။
● ရေအေးနဲ့ ပလုတ်ကျင်းပါ။
● အကိုက်အခဲပျောက်ဆေး သောက်လို့ရပါတယ်။

Dr. Htar (www.drmyanmar.com)