/
node/10292

ဗီတာမင်အားဆေးတွေက ကိုဗစ်ကို အမှန်တကယ် ထိရောက်စွာ ကာကွယ်နိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုယ်ခန္ဓာတွင်းမှာ ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝခြင်းက ကိုယ်ခံအားကို တက်စေတယ်ဆိုတာဟာ ကျွန်မတို့အားလုံး လက်ခံထားကြတဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်။ ဒီအချက်ဟာ ကိုဗစ်ဗိုင်းရပ်စ်အပေါ်မှာတော့ သက်ရောက်ခြင်း ရှိ၊ မရှိကို ယခုထိတိုင် ပညာရှင်များ လေ့လာနေကြဆဲ ဖြစ်ပါတယ်။
မကြာသေးမီက လေ့လာချက်မှာတော့ ဗီတာမင်ဒီ ချို့တဲ့ခြင်းဟာ အီတလီနိုင်ငံတွင် ကိုဗစ်ကြောင့် သေနှုန်းပိုများခဲ့ခြင်းနှင့် ဆက်စပ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ နောက်ထပ်လေ့လာချက်အရလည်း ဗီတာမင်ဒီ နည်းပါးနေပါက ကိုဗစ်ကူးစက်ခံရနိုင်ချေများခြင်းနှင့် ဆက်စပ်နေပါတယ်။

>>  ဗီတာမင်ဒီ
●  ကိုဗစ်ကာလတွင် ခေတ်စားလာသော ဗီတာမင်များတွင် ဗီတာမင်ဒီလည်း အပါအဝင်ဖြစ်ပါတယ်။
●  ဗီတာမင်ဒီကို နေရောင်ခြည်ကနေ ရနိုင်သလို ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများကို စားခြင်းကနေလည်း ရရှိနိုင်ပါတယ်။
●  နိုင်ငံအသီးသီးက လေ့လာချက်များအရ ဗီတာမင်ဒီ ချို့တဲ့ပါက ကိုဗစ်ကူးစက်ဖို့ အလားအလာ ပိုများသလို ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာများနှင့် ရင်ဆိုင်ရနိုင်ချေများတယ်လို့ သိရှိရပါတယ်။
●  ယခု ကိုဗစ်ကာလအတွင်းမှာ lockdown အခြေအနေများကြောင့် နေရောင်နှင့်ထိတွေ့မှု ပိုမိုနည်းပါးလာပြီး ဗီတာမင်ဒီ လျော့နည်းမှုများ ဖြစ်ပေါ်လာကြပါတယ်။ ဒါကြောင့် ဗီတာမင်ဒီအားဆေးပြားများ မှီဝဲပြီး ပုံမှန်ပမာဏရရှိအောင် ပြုလုပ်နိုင်ပါတယ်။
●  တစ်နေ့တာ လိုအပ်သော ဗီတာမင်ဒီပမာဏကတော့ အသက် ၁၉ နှစ်မှ ၇၀ နှစ်အတွင်း 600IU နှင့် အသက် ၇၀ အထက်လူကြီးများအတွက် 800IU လိုအပ်ပါတယ်။

>>  ဇင့်
●  ကိုယ်ခံအားကောင်းမွန်ဖို့အတွက် လိုအပ်သော အာဟာရဓာတ်တစ်ခုဖြစ်တဲ့အလျောက် သွေးဖြူဥများကို ပိုမိုထုတ်လုပ်အောင် ကူညီပေးတဲ့အတွက် ဝင်လာတဲ့ရောဂါပိုးတွေကို ပိုမိုတိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
●  လေ့လာချက်များအရ ဇင့်ဟာ အအေးမိခြင်းကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ထပ်မံပွားများလာခြင်းမရှိစေဖို့ တားမြစ်ပေးတဲ့အပြင် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းတွင် ရောင်ရမ်းခြင်းများဖြစ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ အလားတူ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းအောက်ပိုင်းအတွက်ပါ အကျိုးသက်ရောက်စေမလားဆိုတာကိုတော့ လေ့လာနေကြဆဲဖြစ်ပါတယ်။
●  အမျိူးသမီးများအတွက် တစ်နေ့တာ လိုအပ်သော ဇင့်ပမာဏဟာ 8mg ဖြစ်ပြီး အမျိူးသားများအတွက် 11mg ဖြစ်ပါတယ်။

ယခုဖြစ်ပွားနေသော ကိုဗစ်ကို တွန်းလှန်ဖို့အတွက် ဗီတာမင်အားဆေးပြားများကိုသာ အလုံးစုံ အားကိုးနေတာထက်စာရင် နေ့စဉ်အာဟာရပြည့်ဝသော အစားအစာတွေကို စားသှုံးဖို့နှင့် ကျန်းမာရေးကောင်းမွန်ဖို့ကို ပိုပြီးဂရုစိုက်သင့်ပါတယ်။
ဗီတာမင်များ ချို့တဲ့နေတာမဟုတ်ဘဲ အားဆေးများကို လိုတာထက် ပိုသောက်မယ်ဆိုရင်တော့ ဗီတာမင်နှင့် သတ္တုဓာတ်များလွန်ကဲခြင်းကြောင့် နှလုံး၊ ကျောက်ကပ်နှင့် ကိုယ်တွင်းအစိတ်အပိုင်းများကို ပျက်စီးစေနိုင်ကြောင်း သတိပြုသင့်ပါတယ်။
အလွန်အမင်း အာဟာရချို့တဲ့နေခြင်းမရှိပါက ပုံမှန်သောက်နေကြ+
အားဆေးတွေကို သောက်ခြင်းက လုံလောက်နေပါပြီ။
နေ့စဉ်ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥ၊ သစ်သီးများကို စားသုံးခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ အပြင်သွားတိုင်း နှာခေါင်းစည်းတပ်ခြင်း၊ social distancing နည်းစဉ်များကို လိုက်နာခြင်း၊ မိမိတွင် ရောဂါအခံရှိပါက ဆေးပုံမှန်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့က ကိုဗစ်ကို ကာကွယ်ရာတွင် ပိုမိုအရေးကြီးလှပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)