/
node/10356

ချောင်းဆိုးသွေးပါတဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ချောင်းဆိုးလိုက်တဲ့အခါ သွေးတွေပါလာပြီဆိုရင် လူတိုင်းက အလန့်တကြားဖြစ်သွားကြမှာပါပဲ။ ဒါပေမဲ့ ငယ်ရွယ်ကျန်းမာတဲ့သူတစ်ယောက် ဆိုရင်တော့ ဒါဟာ သိပ်ပြီးတော့ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ အသက်ကြီးတဲ့သူတွေ၊ အထူးသဖြင့် ဆေးလိပ်သောက်သူတွေဆိုရင်တော့ သတိထားဖို့လိုပါတယ်။
သွေးရဲရဲတွေ နည်းနည်းပါလာတာဖြစ်နိုင်သလို သွေးစလေးတွေပါတဲ့ သလိပ်တွေပါလာတာလည်း ဖြစ်နိုင်ပါတယ်။ သွေးက အဆုတ်ကလာတာဖြစ်ပြီး ကြာရှည်ချောင်းဆိုးတာကြောင့်သော်လည်းကောင်း၊ အဆုတ်ပိုးဝင်တာကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။
အကယ်၍ ထွက်လာတာက မည်းမည်းကြီးဖြစ်ပြီး အဖတ်လိုက်ပါလာရင်၊ ကော်ဖီမှုန့်လိုနက်နေရင် အစာခြေစနစ်ကလာတာ ဖြစ်နိုင်ပါတယ်။ ဒါကတော့ ပိုစိုးရိမ်ရတာမို့ ဆေးရုံကို ချက်ချင်းသွားပါ။

>>  ချောင်းဆိုးသွေးပါခဲ့ရင် ဘာလုပ်ကြမလဲ?
●  သွေးလေးနည်းနည်းပဲပါရင်တောင် ဆရာဝန်နဲ့ သွားပြပါ။
●  ကုဖို့လိုတဲ့ စိုးရိမ်ရတဲ့အကြောင်းရင်းတွေကို ဆရာဝန်က ရှာဖွေစစ်ဆေးပေးပါလိမ့်မယ်။
●  သွေးတွေ အရမ်းပါတာ၊ အသက်ရှူရခက်တာတွေရှိရင်တော့ အရေးပေါ်ကိုသွားဖို့ လိုပါတယ်။

>>  လိုနိုင်တဲ့စစ်ဆေးမှုတွေကတော့ -
●  အထွေထွေဆရာဝန်က လိုအပ်ရင် ဓာတ်မှန်ရိုက်ဖို့၊ ဒီ့ထက်ပိုကောင်းတဲ့ ကွန်ပျူတာဓာတ်မှန် CT scan ရိုက်ဖို့ အထူးကုဆရာဝန်ဆီ ညွှန်းပါလိမ့်မယ်။
●  သလိပ်ကိုလည်း ပိုး ရှိ၊ မရှိ စစ်ဆေးကြည့်ပါလိမ့်မယ်။ တခြားသွေးစစ်ဆေးမှုတွေလည်း လိုနိုင်ပါတယ်။
●  တစ်ခါတလေကျရင် သွေး ဘယ်ကထွက်နေသလဲဆိုတာကြည့်ဖို့ ဆက်စစ်ဆေးစရာတွေ လိုတတ်ပါတယ်။ ဥပမာအားဖြင့် အဆုတ်အထူးကုနဲ့ပြပြီး အသက်ရှူလမ်းကြောင်းမှန်ပြောင်းကြည့်တာမျိုးပေါ့။
ဒီဆောင်းပါးဟာ ဖြစ်နိုင်ခြေရှိတဲ့ရောဂါတွေကိုပဲ ဖော်ပြထားတာမို့ ကိုယ့်သဘောနဲ့ကိုယ် လျှောက်မလုပ်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ဖို့တိုက်တွန်းပါရစေ။

>>  ချောင်းဆိုးသွေးပါတဲ့ အဓိကအကြောင်းရင်းများ
●  နာတာရှည် အကြာကြီး ဆိုးဆိုးရွားရွား ချောင်းဆိုးခြင်း
●  အဆုတ်ပိုးဝင်ခြင်း  :  သလိပ်အရောင်ပြောင်းတာ၊ သလိပ်မှာ ပြည်ပါတာ၊ ဖျားတာ၊ ရင်ဘတ်ထဲမှာ တင်းတင်းကြပ်ကြပ်ကြီး ဖြစ်တာတွေရှိရင် ဖြစ်နိုင်ခြေ များပါတယ်။
●  အဆုတ်လေလမ်းကြောင်းကျယ်ပြီး ပျက်စီခြင်း  :  အသက်ရှူရင် တရွှီရွှီမြည်ခြင်း၊ အသက်ရှူကြပ်ခြင်းတွေရှိရင် ပိုဖြစ်နိုင်ပါတယ်။
တစ်ခါတလေ နှာခေါင်းသွေးအရမ်းလျှံတာ၊ ပါးစပ်တို့၊ လည်ချောင်းတို့ကနေ သွေးထွက်တာတွေရှိရင်လည်း သလိပ်ထွေးလိုက်တဲ့အခါ သွေးပါလာတတ်ပါတယ်။

>>  အဖြစ်နည်းတဲ့ အကြောင်းရင်းတွေကတော့ -
●  အဆုတ်သွေးခဲပိတ်ခြင်း : ရုတ်တရက်ကြီး အသက်ရှူကြပ်ပြီး ရင်ဘတ်အောင့်တာမျိုး ဖြစ်တတ်ပါတယ်။
●  အဆုတ် ရေဝင်ခြင်း : သလိပ်က ပန်းရောင်ဖြစ်ပြီး အမြှုပ်တွေ ထနေတတ်ပါတယ်။ နဂိုနှလုံးရောဂါအခံရှိသူတွေမှာ ဖြစ်တတ်ပါတယ်။
●  အဆုတ်ကင်ဆာ : အသက် ၄၀ ကျော် ဆေးလိပ်သောက်သူတွေမှာ အဖြစ်များပါတယ်။
●  တီဘီ : ဖျားတာ၊ ချွေးထွက်တာတွေနဲ့ လာတတ်ပြီး တီဘီပိုးသတ်ဆေးကို ရက်ရှည်သောက်ဖို့ လိုပါတယ်။
●  လည်ချောင်း၊ လည်ပြွန်ကင်ဆာ
●  သွေးကြဲဆေးသောက်နေခြင်း : Warfarin, rivaroxaban, dabigatran စတဲ့ သွေးကြဲဆေးတွေ သောက်နေရင်လည်း ရတတ်ပါတယ်။
တစ်ခါတလေကျတော့ ဘာအကြောင်းရင်းမှရှာမရဘဲ နောက်ထပ်လည်း ထပ်မဖြစ်တာမျိုး ရှိတတ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyamar.com)