/
node/10454

ကိုဗစ်ရောဂါ သက်သာပျောက်ကင်းသောအခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ရောဂါဝေဒနာခံစားနေရသူတစ်ဦးဟာ ရောဂါပျောက်ကင်းသွားပေမယ့် ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်မှာသာမက စိတ်ကျန်းမာရေးနဲ့ ငွေရေးကြေးရေးအပေါ်မှာလည်း ရောဂါရဲ့သက်ရောက်မှုတွေ ရှိနေပါတယ်။ ကိုဗစ်ရောဂါဟာလည်း ဒီလိုပါပဲ။ ရောဂါပိုးကင်းစင်သွားပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါသေးတယ်။
ကိုဗစ်ရောဂါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်လို့ ခန္ဓာကိုယ်ထဲ ရောဂါပိုးဝင်ရောက်ပြီဆိုရင် မောလာပါလိမ့်မယ်။ ဒါ့အပြင် အနံ့မရခြင်း၊ ချောင်းဆိုးခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်လို့ ကြွက်သားအားနည်းခြင်း၊ နှုန်းခြင်းတို့ ခံစားရနိုင်ပါတယ်။ ဒီလိုတွေခံစားရတဲ့အပြင် ကိုဗစ်လူနာနဲ့ ထိတွေ့ဆက်ဆံမှုရှိတယ်ဆိုတဲ့ ရောဂါရာဇဝင်ရှိတယ်ဆိုရင်တော့ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ရောဂါပိုးရှိတယ်ဆိုရင် ဆေးရုံတက်ရပါတယ်။

>>  ဆေးရုံတက်နေစဉ်အချိန်မှာ ဘာတွေထပ်ဖြစ်နိုင်သလဲ?
ကိုဗစ်ရောဂါရဲ့ အဓိကကုသမှုကတော့ မောတာကို သက်သာအောင် လုပ်ပေးခြင်းပါ။ မောတာကို သက်သာစေဖို့အတွက် အောက်ဆီဂျင်ပေးပါတယ်။ လိုအပ်ရင် အသက်ရှူပိုက်ထည့်ပြီး အသက်ရှူစက် တပ်ထားရပါမယ်။ ဒီစက်တပ်ထားတဲ့အချိန်မှာ အစာစားဖို့ အခက်အခဲရှိတဲ့အတွက် လိုအပ်တဲ့အာဟာရ ရနိုင်ဖို့ နှာခေါင်းပိုက် တပ်ထားရပါမယ်။ ဒီလိုပိုက်တွေတပ်ထားရတဲ့အတွက် လည်ချောင်းနာခြင်း၊ စကားပြောရခက်ခြင်းတွေ ကြုံရပါတယ်။ စိတ်ဖိစီးမှုတွေ ခံစားရပြီးတော့ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့အထိ ဖြစ်နိုင်ပါတယ်။ အသက်ရှူတာကို အကူအညီပေးတဲ့ နောက်နည်းလမ်းတစ်ခုကတော့ မှောက်ခုံနေခြင်း (Prone position) ပါ။ ဒီလိုနေခြင်းကြောင့် ကြွက်သားတွေ အားနည်းပြီးတော့ ခန္ဓာကိုယ်အပေါ်ပိုင်း နာကျင်ကိုက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။

>>  ကိုဗစ်သက်သာပျောက်ကင်းဖို့ အချိန်ဘယ်လောက်ကြာတတ်လဲ?
ဒါကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ရောဂါမပြင်းထန်ဘူးဆိုရင်တော့ တစ်ပတ်၊ နှစ်ပတ်လောက်ပဲ ကြာတတ်ပါတယ်။ ရောဂါပြင်းထန်ခဲ့ရင်တော့ သုံးပတ်ကနေ ခြောက်ပတ်အထိ ကြာမြင့်တတ်ပါတယ်။ ဒါ့အပြင် ပန်းနာရင်ကြပ်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ အစရှိတဲ့ ရောဂါအခံတစ်ခုခုရှိခဲ့ရင်တော့ ပျောက်ကင်းဖို့အချိန် ပိုကြာနိုင်ပါတယ်။

>>  ရောဂါပိုးမရှိတော့ပေမယ့် ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်သလဲ?
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်တဲ့အတွက်ကြောင့် ရောဂါပိုး မရှိတော့ရင်တောင်မှ မောတာ၊ ချောင်းဆိုးတာလောက်တော့ ကျန်နိုင်ပါသေးတယ်။ အသက်ရှူပိုက်၊ နှာခေါင်းပိုက် ထည့်ခဲ့ရတဲ့အတွက် လည်ချောင်းနာခြင်း၊ အစာမျိုရခက်ခြင်းတို့ ခံစားရနိုင်ပါတယ်။ ရောဂါပြင်းထန်သူများအနေနဲ့ ခုတင်ပေါ်မှာပဲ အကြာကြီးလှဲနေရလို့ ကြွက်သားအားနည်းတာ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အိပ်ရာနာလို့ခေါ်တဲ့ တင်ပါးအပေါ်နားတစ်ဝိုက် အနာဖြစ်တာတွေလည်း ကြုံရနိုင်ပါတယ်။
ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲမှာ အရေးကြီးဆုံးကတော့ စိတ်ကျန်းမာရေးပါ။ ဆေးရုံတက်နေစဉ်မှာ မိသားစုဝင်တွေလည်း ခေါ်ထားလို့မရ၊ ဧည့်တွေ့လည်း လက်မခံတဲ့အတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကတော့ အနည်းနဲ့အများ ရှိကြမှာပါ။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့် ညဘက်အိပ်မပျော်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ကို ခံစားရနိုင်ပါတယ်။

>>  ဘယ်အချိန်ဆို ဆေးရုံဆင်းလို့ရပြီလဲ?
ဆေးရုံမဆင်းခင်မှာ မိမိဟာ ချက်ချင်းဆေးကုသမှုခံယူဖို့ မလိုအပ်တဲ့အခြေအနေမှာ ရှိနေရပါမယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်တဲ့အတွက်ကြောင့် မောတာတော့ ဆက်ဖြစ်နိုင်ပါသေးတယ်။ ဒါပေမဲ့ အောက်ဆီဂျင်ရှူဖို့ လိုအပ်တဲ့အထိ မောတာမျိုးတော့ မဖြစ်ရပါဘူး။ ဒါ့အပြင် ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိ ၊ မရှိ စစ်ဆေးပါတယ်။ မရှိဘူးဆိုရင် ဆေးရုံဆင်းခွင့်ပြုပါတယ်။

>>  ဆေးရုံဆင်းပြီးရင် ဘယ်လိုကုသမှုတွေ ဆက်ပြီးခံယူသင့်သလဲ?
ဆေးရုံဆင်းပြီးတဲ့အခါမှာ လူကောင်းပကတိလို ပြန်ဖြစ်ဖို့ကိုတော့ အချိန်ယူရပါလိမ့်မယ်။ မောတာဆက်ရှိနိုင်သေးလို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဖြည်းဖြည်းချင်းပဲလုပ်ပါ။ နောက်ဆက်တွဲဝေဒနာလို့ ယူဆရတဲ့ ရောဂါလက္ခဏာအသစ်တွေ ခံစားနေရရင်တော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဖုန်းကနေတစ်ဆင့် ကျန်းမာရေးဆွေးနွေးတာတွေ လုပ်လို့ရပါတယ်။ နဂိုရောဂါအခံတွေရှိခဲ့ရင် အရင်ပြနေကျ ဆရာဝန်နဲ့ ဆက်ပြပေးဖို့ လိုအပ်ပါတယ်။

>>  မိမိမှာ ကိုဗစ်ရောဂါဖြစ်ခဲ့ရင် မိသားစုဝင်တွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်သလဲ?
မိသားစုဝင်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ မိမိကို စိတ်ပူနေရတဲ့အတွက် ညဘက်အိပ်မပျော်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။ အကယ်၍ ကိုဗစ်ရောဂါကြောင့် အလုပ်အကိုင် ဆုံးရှုံးလိုက်ရရင် ငွေကြေးပြဿနာတွေ ပေါ်လာနိုင်တဲ့အတွက် စိတ်ဖိစီးမှုများပြီး နောက်ဆုံးမှာ စိတ်ဓာတ်ကျတဲ့အထိ ဖြစ်နိုင်ပါတယ်။
ကိုဗစ်ရောဂါဟာ ဖြစ်နေတုန်းမှာလည်း စိုးရိမ်ရသလို ရောဂါပိုး ပျောက်ကင်းသွားရင်လည်း စိတ်ချလက်ချနေလို့ မရပါဘူး။ မိမိမှာသာမက မိသားစုဝင်တွေမှာလည်း ကိုဗစ်ရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေ ကြုံလာနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်ရောဂါ မဖြစ်အောင် နှာခေါင်းစည်းတပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်းစတဲ့ ချမှတ်ထားတဲ့စည်းကမ်းတွေကို သေချာလိုက်နာသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)