/
node/10455

လူတိုင်းနဲ့မကင်းနိုင်တဲ့ သွားပိုးပေါက်ပြဿနာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လူတိုင်းနီးပါးဟာ ဘဝမှာ တစ်ခါတော့ သွားပိုးစားတာ၊ သွားမှာအပေါက်ဖြစ်တာ ကြုံဖူးမှာပါ။ ကလေးငယ်တွေမှာ အဖြစ်များပေမယ့် အသက်ကြီးလာရင်လည်း သွားရဲ့အမြစ်တွေက မကောင်းတော့တာကြောင့် သွားပိုးစားနိုင်ပါသေးတယ်။

>>  ဘာကြောင့်ဖြစ်ရတာလဲ?
ဘက်တီးရီးယားတွေက ထုတ်တဲ့ အက်စစ်တွေဟာ သွားရဲ့အပေါ်ယံကြွေလွှာတွေကို တိုက်စားရာကနေ သွားပိုးစစားပါတယ်။ ဒီဘက်တီးရီးယားတွေဟာ အချိုတွေ၊ ကစီဓာတ်တွေကို ပိုပြီးအက်ဆစ်အဖြစ် ထုတ်ပါတယ်။ တခြားဖြစ်စေတဲ့ အကြောင်းတွေက -
●  ဖလိုရိုက်နည်းတာ
●  ခန္ဓာကိုယ်ကနေ တံတွေးထုတ်လုပ်မှုနည်းလို့ ခံတွင်းခြောက်သွေ့တာ
●  နဂိုတည်းက သွားက မကောင်းတာ
●  ခံတွင်းသန့်ရှင်းမှု အားနည်းတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

>>  သွားပိုးပေါက်ရဲ့လက္ခဏာနဲ့ နောက်ဆက်တွဲပြဿနာတွေက -
စစဖြစ်ချင်းမှာတော့ ဘာလက္ခဏာမှ သိပ်မပြပါဘူး။ ကြာလာရင် သွားကိုက်တာ၊ သွားကျဉ်တာတွေ စဖြစ်လာပါတယ်။ နောက်ပြီး ပါးစပ်ထဲမှာ အရသာဆိုးဆိုးတွေ ရလာပါတယ်။
မကုဘဲထားရာက ကြာလာရင် သွားပိုးစားတာက အကြောတွေ၊ အမြစ်တွေထိ ရောက်သွားရာကနေ အကြောသေသွားမယ်။ နောက်ပိုင်း ပြည်တည်တာမျိုး ဖြစ်လာပါမယ်။
●  သွားပိုးပေါက်ကို ရောဂါရှာဖွေဖို့
သွားဆရာဝန်က ခံတွင်းကို သေချာစစ်ဆေးပြီး ရောဂါနာမည် တပ်ပေးပါလိမ့်မယ်။
တစ်ခါတလေ လက္ခဏာမပေါ်သေးခင် ဒါမှမဟုတ် သွားပိုးစားတာက သွားနှစ်ခုကြားမှာဆိုရင် သွားကို ဓာတ်မှန်ရိုက်ဖို့ လိုပါလိမ့်မယ်။

●  ဘယ်လိုကုသမလဲ၊ ဘယ်လိုကာကွယ်လို့ရမလဲ?
အခြေအနေ ဘယ်လောက်ဆိုးလဲပေါ်မှာ မူတည်ပါတယ်။ စစဖြစ်ချင်းမှာဆိုရင် ဖလိုရိုက်နဲ့ ကုသမှုတစ်မျိုး ပြုလုပ်လို့ ရပါတယ်။
အပေါက်ဖြစ်နေရင်တော့ အပေါက်ဖာတာမျိုး လုပ်လို့ရပါတယ်။ သွားက အားနည်းနေရင်တော့ အပေါ်က အစွပ် စွပ်တာမျိုး လုပ်လို့ရပါတယ်။ သွားရဲ့အမြစ် ထိခိုက်တာ၊ အကြောသေသွားတာမျိုး ဆိုရင်တော့ သွားအမြစ်ကို ထုတ်ရပါမယ်။ အရမ်းအခြေအနေဆိုးရင်တော့ သွားနှုတ်တာက အဖြေပါပဲ။
သွားပိုးမစားအောင် အကောင်းဆုံးကာကွယ်နိုင်တာက ခံတွင်းသန့်ရှင်းရေးကို သေချာဂရုစိုက်ဖို့ပါပဲ။

>>  သွားကို ဘယ်လိုတိုက်ရမလဲ?
●  ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို အသုံးပြုပြီး တစ်နေ့ကို အနည်းဆုံး နှစ်ခါတိုက်ပါ။
●  အရမ်းမကြမ်းတဲ့ သွားတိုက်တံကို သုံးပါ။ အနည်းဆုံး ၂ မိနစ် တိုက်ပါ။
●  လျှပ်စစ်သွားတိုက်တံက ပိုပြီးသန့်ရှင်းပေးနိုင်ပါတယ်။
●  သွားဖုံးနဲ့ သွားဆုံတဲ့နေရာမှာ သွားတိုက်တံကို ၄၅° ထားပါ။
●  သာသာယာယာပဲ တိုက်ပါ။ အရမ်းကြမ်းရင် သွားနဲ့ သွားဖုံးကို ထိခိုက်စေပါတယ်။
●  လျှာကိုပါ တိုက်ပါ။
●  ကြိုးကိုသုံးပြီး အနည်းဆုံး တစ်ရက်တစ်ခါ သန့်ပါ။
သွားဖုံးက သွေးထွက်ပြီဆိုရင် ကိုယ်ကြိုးကို သုံးတာ အရမ်းကြမ်းတာ ဖြစ်ဖြစ်၊ ကိုယ့်သွားဖုံးမကောင်းတော့တာပဲ ဖြစ်ဖြစ် ဖြစ်နိုင်လို့ သွားဆရာဝန်နဲ့ ပြပါ။

>>  တခြားအချက်တွေအနေနဲ့ -
●  အာဟာရပြည့်တာ စားပါ။
●  ပီကေ ဝါးတတ်ရင် သကြားမပါတာ ဝါးပါ။
●  ကိုယ်သောက်တဲ့ရေမှာ ဖလိုရိုက်မပါရင် ဖလိုရိုက်အားဆေးသောက်ဖို့ကို ဆရာဝန်နဲ့တိုင်ပင်ပါ။

Dr. Htar (www.drmyanmar.com)