/
node/10485

နှလုံးရပ်တန့်ခြင်းအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

Cardiac arrest လို့ ဆေးပညာအရခေါ်ဆိုတဲ့ နှလုံးရပ်တန့်ခြင်းကို တနည်းအားဖြင့် နှလုံးနှင့်အဆုတ်ရပ်တန့်ခြင်း သို့မဟုတ် သွေးလှည့်ပတ်မှုရပ်တန့်ခြင်းလို့လည်း တင်စားခေါ်ဆိုနိုင်ပါတယ်။
နှလုံး၏လုပ်ငန်းဆောင်တာများ ရပ်တန့်သွားခြင်းကြောင့် နှလုံးမှသွေးညှစ်ခြင်း မပြုလုပ်နိုင်တော့ဘဲ ရုတ်တရက် သွေးလှည့်ပတ်မှုပြတ်တောက်ခြင်းကို နှလုံးရပ်တန့်ခြင်းလို့ သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။

>>  နှလုံးရပ်တန့်သောအခါ နောက်ဆက်တွဲ ဘယ်လိုလက္ခဏာများ ပြသမလဲ?
(၁)  သွေးလှည့်ပတ်မှုရပ်ခြင်းကြောင့် ကိုယ်ခန္ဓာ အသက်ရှင်ဖို့ လုပ်ဆောင်နေသော အရေးကြီး အစိတ်အပိုင်းတွေဆီသို့ အောက်ဆီဂျင်ပို့ဆောင်မှု ရပ်တန့်စေပါတယ်။ အမြန်ဆုံးထိခိုက်တဲ့ အစိတ်အပိုင်းကတော့ ဦးနှောက်ဖြစ်ပါတယ်။ သတိလစ်ခြင်းနှင့် အသက်ရှူနှေးခြင်း ဖြစ်စေပါတယ်။
၅ မိနစ်ထက်ပိုပြီး နှလုံးရပ်တန့်ပါက ရာသက်ပန် ဦးနှောက်ပျက်စီးခြင်းဖြစ်ပေါ်နိုင်ပါတယ်။
(၂)  လည်ပင်း၊ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်ရှိ သွေးခုန်နှုန်းများ စမ်းမရတော့ပါ။
(၃)  နှလုံးရပ်တန့်ခြင်းကြောင့် ရုတ်တရက် နှလုံးသေဆုံးခြင်း ဖြစ်စေပါတယ်။

>>  ဖြစ်ပေါ်စေသော အကြောင်းရင်းများ
●  နှလုံးထိခိုက်ခြင်း (သို့) နှလုံးကြွက်သားပုတ်ခြင်း
●  မွေးရာပါ နှလုံးပုံစံမမှန်ခြင်း
●  နှလုံးတုန်ခြင်း
●  နှလုံးကြွက်သားဆိုင်ရာရောဂါ
●  ပြင်းထန်သောပိုးဝင်ခြင်း
●  ဆေးများ အလွန်အကျွံသောက်ခြင်း
●  ကြီးမားသောဒဏ်ရာများကြောင့် သွေးထွက်လွန်ခြင်း
●  နောက်ဆုံးအဆင့်ကင်ဆာ
●  ကိုယ်ပူချိန်မြင့်လွန်းခြင်း သို့မဟုတ် နိမ့်လွန်းခြင်း
●  သွေးတွင်းပိုတက်စီယမ် များလွန်းခြင်း (သို့) နည်းလွန်းခြင်း
●  အောက်ဆီဂျင် အလွန်အမင်းပြတ်တောက်ခြင်း
●  အဆုတ်သွေးကြောအတွင်း သွေးခဲပိတ်ခြင်း

>>  အနီးတွင် နှလုံးခုန်ရပ်သူတစ်ယောက်ကို တွေ့ရှိပါက ဘာလုပ်သင့်လဲ?
●  အရေးပေါ်အခြေအနေဖြစ်ပြီး ချက်ချင်း Defibrillator စက်ဖြင့် နှလုံးနှိုးခြင်းမပြုလုပ်နိုင်ပါက တစ်မိနစ်ကို ၁၀ ရာနှုန်းလောက် ရှင်သန်နိုင်နှုန်းကျဆင်းပါလိမ့်မယ်။
●  စက်ဖြင့် နှလုံးနှိုးခြင်းပြုလုပ်နေစဉ် CPR နည်းစဉ်ဖြင့် အသက်ရှူနိုင်ဖို့ နှိုးဆော်ပေးရမှာ ဖြစ်ပါတယ်။ CPR ပြုလုပ်ဖို့အတွက်

**  ABC သုံးချက်ကို စစ်ဆေးပါ။
*  A ကတော့ Airway လို့ခေါ်တဲ့ လေဝင်ပါက်ကိုဖွင့်ပေးဖို့ဖြစ်ပါတယ်။ ခေါင်းကို အပေါ်မော့ထားပြီး မေးစေ့ကို မထားပါ။ လေဝင်ပေါက်ပိတ်နေသော အရာများကို ဖယ်ရှားပါ။
*  B ကတော့ Breathing ဖြစ်တဲ့ အသက်ရှူနေလားဆိုတာ စစ်ဆေးပါ။
*  C ကတော့ Circulation ဖြစ်ပြီး သွေးလှည့်ပတ်မှုရစေဖို့ နှလုံးကို CPR ပြုလုပ်ခြင်းဖြင့် ကြိုးစားရမှာဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)