အိပ်ရာနာ
အရေပြားတစ်နေရာထဲကို အချိန်ကြာကြာ ဖိမိထားရင် အိပ်ရာနာဆိုတာ ဖြစ်တတ်ပါတယ်။ အိပ်ရာပေါ်၊ ခုံပေါ် ဟိုဘက်ဒီဘက် စောင်းလိုက်တဲ့အချိန်မှာ ပွတ်တိုက်မှုတွေကြောင့် အနာကို ပိုဆိုးစေနိုင်ပါတယ်။ အိပ်ရာနာဟာ အရေပြားနဲ့ အောက်ကတစ်သျှူးတွေကို ပျက်စီးသွားစေပါတယ်။ များသောအားဖြင့် ခြေဖနောင့်၊ ခြေချင်းဝတ်၊ တင်ပါး၊ မြီးညောင့်ရိုး၊ တင်ပါးဆုံ၊ ပုခုံး စသဖြင့် အရိုးနေရာတွေမှာ တွေ့ရတတ်ပါတယ်။ အိပ်ရာနာဟာ အဖြစ်မြန်ပြီးတော့ ကုသရခက်ခဲတတ်ပါတယ်။
အိပ်ရာထဲ၊ ထိုင်ခုံပေါ်၊ တွန်းလှည့်းတွေပေါ် ကြာကြာနေနေရသူတွေမှာ အတွေ့များပါတယ်။
ဒီအိပ်ရာနာတွေ ပျောက်ဖို့အတွက် လနဲ့ချီပြီး ကြာနိုင်ပါတယ်။ လူနာကို မကြာမကြာ နေရာပြောင်းပေးတာ၊ ဖိအားသက်ရောက်မှုနည်းအောင် အထောက်အခံ (ခေါင်းအုံး၊ ရေမွှေ့ယာ စသည်) တွေထားပေးတာ၊ တစ်သျှူးအသေတွေကို ဖယ်ရှားပေးတာ၊ အနာကို ဆေးကြောပြီး ပတ်တီးစည်းပေးတာ စသဖြင့် အနာကို ဂရုစိုက်ပေးလို့ ရပါတယ်။ အိပ်ရာနာအတွက် အသုံးပြုနိုင်တဲ့ ပတ်တီးအမျိုးမျိုး ရှိပါတယ်။
>> တကယ်လု့ိ
● ဖျားတာ၊ သားငန်ရည်တွေထွက်တာ၊ အနံ့ဆိုးတွေထွက်တာ စသဖြင့် ပိုးဝင်တဲ့လက္ခဏာတွေရှိလာရင်
● ဘေးပတ်ဝန်းကျင်အရေပြားမှာ နီတာ၊ ပူတာတွေရှိရင် ဆရာဝန်နဲ့ ပြသပါ။
>> အနာကျက်မြန်စေဖို့
● အနာမှာပိုးဝင်တဲ့လက္ခဏာတွေ ရှိ၊ မရှိကို သေချာစောင့်ကြည့်ပါ။ ပတ်တီးမစည်းခင် သေချာဆေးကြောပါ။ အနာကိုဆေးဖို့ ပိုးသတ်ထားတဲ့ ဆေလိုင်းဆားရည်က အကောင်းဆုံးပါပဲ။
● ဖျော်ပုံမမှန်တဲ့ပိုးသတ်ဆေးရည်တွေကလည်း တက်နေတဲ့အသားကို ပျက်စီးစေပြီး အနာကျက်တာကို နှေးစေပါတယ်။ ဒီပိုးသတ်ဆေးရည်တွေဟာ နက်တဲ့ ဒါမှမဟုတ် ကြီးတဲ့အနာဟပြဲကြီးတွေကနေ ခန္ဓာကိုယ်ထဲဝင်သွားပြီး နေမကောင်း ဖြစ်စေတတ်ပါတယ်။
● ရောင်ရမ်းနေတာ၊ ပိုးဝင်တာတွေမရှိရင်တော့ ပိုးသတ်ဆေးတွေ လိမ်းဖို့မလိုဘူးနော်။ မလိုဘဲသုံးရင် ဘက်တီးရီးယားပိုးယဉ်ပါးတာတွေ ဖြစ်လာတတ်ပါတယ်။
● အနာကိုဆွနိုင်တဲ့ဆေးတွေ မလိမ်းပါနဲ့။ သေချာဆေးကြောပြီး ပတ်တီးစည်းပေးလို့ရပေမယ့် အနာကောင်းကောင်းမကျက်သေးဘဲ အနာဖေးကိုတော့ သွားသွားမဆွပါနဲ့။ အနာဖေးဆိုတာလည်း သဘာဝပတ်တီးတစ်မျိုးပါပဲ။
● အနာကျက်စေဖို့အတွက် အစိုဓာတ်ညီမျှဖို့ လိုပါတယ်။ အရမ်းစို၊ အရမ်းခြောက်နေရင် အနာကျက်တာ အဆင်မပြေနိုင်ဘူး။ တစ်ခုခု မေးချင်မြန်းချင်ရင်တော့ ဆရာဝန်၊ ဆရာမတွေနဲ့ တိုင်ပင်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























