ကိုဗစ်ကာကွယ်ဆေး ထိုးဖို့လိုသလား
ကိုဗစ်ကာကွယ်ဆေးထိုးရတဲ့ ရည်ရွယ်ချက်ဟာ အဖိုးတန်လှတဲ့ လူ့အသက်သန်းပေါင်းများစွာကို ကိုဗစ်-၁၉ရောဂါကနေ ကာကွယ်ပေးဖို့ပါ။ အင်္ဂလန်နိုင်ငံ ပြည်သူ့ကျန်းမာရေးအဖွဲ့အနေနဲ့ ကိုဗစ်ရောဂါကူးစက်ခံရပြီး သက်သာပျောက်ကင်းသွားသူတွေဟာ ရောဂါဖြစ်ပြီး အနည်းဆုံး နောက် (၅) လအထိ ကာကွယ်ဆေးထိုးထားသလိုမျိုးပဲ နောက်ထပ် ရောဂါထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ ပြောထားတာကို တွေ့ရပါတယ်။
>> ကိုဗစ်ကာကွယ်ဆေးထိုးထားရင် ရောဂါဖြစ်နိုင်သေးလား။ အရင်က ရောဂါဖြစ်ပြီးသားသူတွေရော ထပ်ဖြစ်နိုင်သေးလား?
ဖြစ်နိုင်ပါတယ်။ ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်မှုအဆင့်တွေမှာ ဖော်ပြထားတာကတော့ ကာကွယ်ဆေးဟာ ရောဂါပိုးကူးစက်ခံရပြီး ဖျားနာတာကို လျော့ချပေးနိုင်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့်လည်း တချို့လူတွေမှာတော့ ရောဂါကူးစက်ခံရနိုင်ချေ ရှိနေသေးပြီး ရောဂါပိုးကို ဆက်လက်ဖြန့်ဝေနိုင်ပါသေးတယ်။ အရင်ကိုဗစ်ရောဂါဖြစ်ဖူးသူတွေလည်း ဒီလိုပါပဲ။ ကိုဗစ်လူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပြောကြားချက်အရတော့ အရင်ရောဂါဖြစ်ဖူးရင် နောက် (၅) လအတွင်း ရောဂါထပ်မဖြစ်အောင် ၈၃% လောက် ကာကွယ်မှုပေးနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီအပြောအရတော့ လူ (၁၀) ယောက်မှာ (၂) ယောက်လောက်က နောက် (၅) လအတွင်းမှာ ကိုဗစ်ရောဂါထပ်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုနေပါတယ်။
>> ကိုဗစ်ရောဂါဖြစ်ဖူးတဲ့သူတွေက ကာကွယ်ဆေးထိုးဖို့ လိုအပ်သလား?
လိုအပ်ပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ ကိုဗစ်ရောဂါအပေါ် ဆန့်ကျင်တုံ့ပြန်မှုဟာ တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြပါဘူး။ အသက်အရွယ်၊ မျိုးရိုးဗီဇဖွဲ့စည်းပုံ၊ ကူးစက်ခံရတုန်းက ခန္ဓာကိုယ်ထဲဝင်လာတဲ့ ဗိုင်းရပ်စ်အကောင်ရေ စတာတွေအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် နောက်ထပ်အကူးခံရတာကို ကာကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိဆိုတာ ပြောဖို့ခက်လို့ ရောဂါဖြစ်ဖူးသူတွေလည်း ကာကွယ်ဆေးထိုးထားသင့်ပါတယ်။ ကိုဗစ်ရောဂါဖြစ်ဖူးတဲ့သူတွေမှာ ကာကွယ်ဆေးထိုးတာဟာ အန္တရာယ်မရှိပါဘူး။ ကိုယ်ခံအားကို မြှင့်တင်ပေးရာတောင် ရောက်ပါသေးတယ်။
>> ကာကွယ်ဆေးထိုးပေးတဲ့ ဦးစားပေးအုပ်စုတွေမှာ ကိုဗစ်ရောဂါဖြစ်ဖူးသူတွေကို နောက်ဆုံးမှ ထိုးပေးသင့်သလား?
ကိုဗစ်ဖြစ်ဖူးရင် ကာကွယ်ဆေးကို နောက်ဆုံးမှအထိုးခံသင့်တယ်လို့ မဆိုလိုပါဘူး။ နိုင်ငံတိုင်းမှာ အဓိကဦးစားပေး ထိုးပေးနေတာဟာ ရောဂါကူးစက်နိုင်ချေမြင့်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုတွေကိုပါ။ ဒီလိုလူတွေမှာ အရင်က ကိုဗစ်ဖြစ်ဖူးပြီး သက်သာသွားတယ်ဆိုရင်တောင် ဦးစားပေးထိုးသင့်တဲ့အုပ်စုထဲမှာ ပါဝင်နေတုန်းပါ။ ဒါ့အပြင် အရင်က ရောဂါ ဖြစ်ဖူးသည်ဖြစ်စေ၊ မဖြစ်ဖူးသည်ဖြစ်စေ လူတိုင်း ကာကွယ်ဆေးထိုးထားသင့်ပါတယ်။
>> ကာကွယ်ဆေးထိုးပြီးရင် မိသားစုတွေနဲ့ နီးနီးကပ်ကပ်နေလို့ရပြီလား?
Lockdown တွေ Stay at home စည်းကမ်းတွေ ချမှတ်ထားတဲ့အချိန်မှာ မိသားစုဝင်တွေ တစ်ဦးနဲ့တစ်ဦး မတွေ့ရ၊ မပွေ့ဖက်ရတာကြာတော့ ကာကွယ်ဆေးထိုးပြီးတာနဲ့ အရင်လို နီးနီးကပ်ကပ် ပြန်နေချင်ကြမှာပါ။ ဒါပေမယ့် ကာကွယ်ဆေးထိုးပြီးတာတောင်မှ ရောဂါကူးစက်နိုင်ချေနဲ့ ရောဂါပိုးဖြန့်ဝေနိုင်ချေ ရှိနေသေးလို့ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးပြီး တစ်လလောက်အထိတော့ ခပ်ခွာခွာနေသင့်ပါတယ်။
>> အရင်ကနေခဲ့သလိုမျိုး ပုံမှန်လူနေမှုဘဝပုံစံကို ဘယ်တော့လောက် ပြန်ရောက်နိုင်မလဲ?
အခုအချိန်မှာ ကပ်ရောဂါဆိုပေမယ့် အချိန်ကြာလာတဲ့အခါ ရာသီတုပ်ကွေးလိုပဲ လူအများကြားမှာ ဖြစ်နေကျရောဂါတစ်ခုလို ဖြစ်သွားမှာပါ။ ဒါ့ကြောင့် လူတိုင်းကာကွယ်ဆေးထိုးပြီးတဲ့အခါ အရင်နေခဲ့သလိုမျိုး ပုံမှန်လူနေမှုဘဝပုံစံကို ပြန်ရောက်နိုင်ပါတယ်။ ယူကေနိုင်ငံအနေနဲ့ကတော့ ဒီနှစ်နွေရာသီမှာ အသက် (၅၀) ကျော်တွေနဲ့ အသက် (၅၀) အောက် ရောဂါအခံရှိသူတွေအားလုံးကို ကာကွယ်ဆေးထိုးပေးနိုင်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ အသက် (၁၈) အထက် လူအားလုံးကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ရည်ရွယ်ထားတာကြောင့် ဒီနှစ်အကုန်လောက်မှာ ပုံမှန်လူနေမှုဘဝကို ပြန်ရောက်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























