/
node/10639

ကျန်းမာရေးကောင်းစေဖို့ အိပ်တဲ့ပုံစံ ပြောင်းလဲစို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အိပ်တဲ့ပုံစံဟာ ကျန်းမာရေးအတွက် အရေးကြီးတယ်လို့ တွေးမိကြရဲ့လား။ အိပ်တဲ့ပုံစံဟာ ကျန်းမာရေးကိုသာမက အိပ်ရေးဝခြင်းပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိပါတယ်။

●  အိပ်ပုံ - ၁ : လက်နှစ်ဖက်ဘေးချပြီး ပက်လက်အိပ်ခြင်း
ခေါင်းအုံးတွေ အများကြီးမခံမချင်းကို ဒီအိပ်ပုံဟာ ခေါင်း၊ လည်ပင်းနဲ့ ကျောရိုးအတွက် အကောင်းဆုံးပုံစံဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပက်လက်အိပ်တတ်သူတွေဟာ ပိုဟောက်တတ်ပြီး အိပ်ချိန်စက္ကန့်ပိုင်း အသက်ရှူရပ်ရပ်သွားတဲ့ရောဂါ ပိုဖြစ်နိုင်တယ်လို့ဆိုပါတယ်။

●  အိပ်ပုံ - ၂ : လက်မြှောက်ပြီး ပက်လက်အိပ်ခြင်း
ကြယ်ငါးအိပ်ပုံလို့ခေါ်ပြီး ဒီလိုအိပ်ပုံဟာ ကျောအတွက်ကောင်ပြီး မျက်နှာမှာ အရေးအကြောင်းတွေဖြစ်တာ၊ ဝက်ခြံပေါက်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လက်ချပက်လက်အိပ်သလိုပဲ ဒီလိုအိပ်ပုံဟာလည်း ဟောက်တာ၊ အစာအိမ်အချဉ်ပြန်တာ ပိုဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် လက်မြှောက်ထားခြင်းက လက်မောင်းက အာရုံကြောတွေကို ဖိမိစေပြီး နာတာ ကျင်တာကို ဖြစ်စေနိုင်ပါတယ်။

●  အိပ်ပုံ - ၃ : မှောက်အိပ်ခြင်း
မှောက်အိပ်တာဟာ အစာခြေစနစ်ကိုကောင်းစေပေမယ့် လည်ပင်းကြီး တစ်ခြမ်းစောင်းနေတာကြောင့် ဒဏ်ဖြစ်နိုင်ပါတယ်။ ကျောရိုးအခုံးကလည်း ထောက်ခံပေးထားတာမရှိတာမို့ လည်ပင်းနဲ့ကျောနာတာမျိုး ဖြစ်တတ်ပါတယ်။

●  အိပ်ပုံ - ၄ : သန္ဓေသားပုံစံအိပ်ခြင်း
သန္ဓေသားပုံစံလိုမျိုး ဒူးကွေး၊ ခေါင်းငုံ့ပြီး ဘောလုံးလိုလုံးအိပ်တာဟာ သက်သောင့်သက်သာရှိပေမယ့် လည်ပင်းနဲ့ကျောကို ထိခိုက်စေတတ်ပါတယ်။
ကွေးနေတဲ့အတွက် အသက်ဝဝရှူနိုင်ဖို့ကိုလည်း အဟန့်အတားဖြစ်စေပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေ၊ ဟောက်တဲ့ပြဿနာရှိနေသူတွေမှာတော့ ဒီအနေအထားက အဆင်ပြေစေပါတယ်။

●  အိပ်ပုံ - ၅ : ဘေးတစ်စောင်း လက်ဘေးချပုံစံအိပ်ခြင်း
ဒီပုံစံက ကျောရိုးပုံစံ အမှန်ကန်ဆုံး ဖြစ်ပါတယ်။ လည်ပင်းနဲ့ကျောရိုးနာတာကို သက်သာစေပြီး ညဘက်အိပ်ချိန်စက္ကန့်ပိုင်း အသက်ရှူရပ်ရပ်သွားတဲ့အခြေအနေကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ မြေဆွဲအားကြောင့် မျက်နှာအရေးအကြောင်းဖြစ်တာ၊ ရင်သားတွဲတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။

●  အိပ်ပုံ - ၆: ဘေးတစ်စောင်း လက်ရှေ့ထုတ်ပုံစံအိပ်ခြင်း
ဘေးတစ်စောင်း လက်ဘေးချပုံစံနဲ့ အကျိုးရလဒ်ချင်း အတူတူပါပဲ။ ဒါပေမဲ့ ဘေးတစ်စောင်းအိပ်ခြင်းဟာ လက်ကိုသွားတဲ့သွေးကြောတွေကို ဖိမိတာကြောင့် ပခုံးနဲ့လက်ကို နာကျင်စေတတ်ပါတယ်။ လက်ကိုရှေ့ထုတ်ထားရင် ပိုဆိုးပါတယ်။

●  အိပ်ပုံ - ၇ : ညာဘက်စောင်းအိပ်ခြင်း
စောင်းအိပ်တတ်တယ်ဆိုရင် စောင်းအိပ်တဲ့ဘက်ကလည်း အရေးကြီးပါသေးတယ်။ ညာဘက်စောင်းအိပ်ရင် ရင်ပူတာ ပိုဆိုးတတ်ပြီး ဘယ်ဘက်စောင်းအိပ်ရင် အသည်း၊ အဆုတ်၊ အစာအိမ်စတဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိတတ်ပေမယ့် ရင်ပူတာ သက်သာပါတယ်။ ကိုယ်ဝန်ဆောင်တွေဆိုရင်တော့ ကလေးဆီ သွေးသွားလာတာကောင်းစေဖို့ ဘယ်ဘက်စောင်း အိပ်သင့်ပါတယ်။

●  အိပ်ပုံ - ၈ : ခေါင်းအုံးခုအိပ်ခြင်း
ဘယ်လိုပုံစံနဲ့အိပ်အိပ် ခေါင်းအုံးခုအိပ်တဲ့အခါ နာတာ ကျင်တာ နည်းပြီးတော့ ညဘက်ကို ကောင်းကောင်း အိပ်ရေးဝတယ်လို့ ဆိုပါတယ်။ ပက်လက်အိပ်ရင် ခါးအောက်မှာခေါင်းအုံးသေးသေးလေးခံ၊ ဘေးစောင်းအိပ်ရင် ဒူးကြားမှာ ခေါင်းအုံးခံ၊ မှောက်လျက်အိပ်ရင် တင်ပါးဆုံအောက်မှာခံအိပ်ခြင်းက ကျောရိုးကို တည့်မတ်ပေးနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)