/
node/10651

၆ မိနစ် လမ်းလျှောက်စစ်ဆေးခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အမေရိကန်ရင်ခေါင်းပညာဌာနက ၆ မိနစ် လမ်းလျှောက်စစ်ဆေးတဲ့နည်းလမ်းကို လူကိုယ်ခန္ဓာရဲ့ စွမ်းဆောင်နိုင်မှု၊ ကျန်းမာမှုကို စစ်ဆေးတဲ့နည်းလမ်းအနေနဲ့ အသုံးပြုပါတယ်။ လေ့ကျင့်ခန်းပြုလုပ်မှုကို ခံနိုင်ရည် ရှိ၊ မရှိ တိုင်းတာတာပေါ့။ ဒီစစ်ဆေးမှုရဲ့အဖြေကိုကြည့်ပြီးတော့ နှလုံးနဲ့အဆုတ်ကျန်းမာရေးအတွက် ဆက်ပြီးစမ်းသပ်မှုတွေ လုပ်ဆောင်၊ မဆောင်ကို ဆရာဝန်က ဆုံးဖြတ်မှာပါ။ ဒီစစ်ဆေးမှုမှာ ၆ မိနစ်လောက် ပုံမှန်အတိုင်း လမ်းလျှောက်ရပါတယ်။ နှလုံး၊ အဆုတ်နဲ့ တခြားကျန်းမာရေးဆိုင်ရာ ကုသမှုတွေကို တုန့်ပြန်မှု ရှိ၊ မရှိ စမ်းသပ်ရာမှာလည်း သုံးပါတယ်။ အဆုတ်သွေးတိုးနေသူတွေ၊ အဆုတ်အမျှင်ရောဂါရှိသူတွေ၊ အဆုတ်အစားထိုးမကုသခင်နဲ့ အဆုတ်လမ်းကြောင်း နာတာရှည် ရောင်ရမ်းပိတ်နေသူတွေမှာ သုံးလေ့ရှိပါတယ်။

>>  စမ်းသပ်တော့မယ်ဆိုရင် -
**  စမ်းသပ်ဖို့အတွက် ပြင်ဆင်ခြင်း
●  သက်သောင့်သက်သာရှိမယ့် အဝတ်အစားများကို ဝတ်ဆင်ပါ။
●  လိုအပ်ရင် ကိုယ်သုံးနေကျ လမ်းလျှောက်အကူပစ္စည်းတွေဖြစ်တဲ့ ကြိမ်တုတ်တို့၊ လမ်းလျှောက်တွန်းလှည်းတို့ သုံးနိုင်ပါတယ်။
●  မစမ်းသပ်ခင်မှာ အဆာပြေတစ်ခုခု စားပေးလို့ရပါတယ်။
●  ပုံမှန်အတိုင်း ဆေးသောက်လာပါ။
●  မစမ်းသပ်ခင် ၂ နာရီအတွင်း လေ့ကျင့်ခန်းမလုပ်ပါနဲ့။

**  စမ်းသပ်နေစဉ်
●  လမ်းစမလျှောက်ခင်မှာ စမ်းသပ်သူက သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ အောက်စီဂျင်ပမာဏတွေကို တိုင်းတာပါလိမ့်မယ်။
●  အဓိကကတော့ ၆ မိနစ်အတွင်းမှာ လမ်းကို တတ်နိုင်သလောက် လျှောက်ပေးဖို့ပါ။ ပုံမှန်လျှောက်နှုန်းနဲ့ပဲ ထိုင်ခုံဆီကို လျှောက်ပါ။ ပြီးရင် ပြန်လှည့်လာပါ။ ဒီလိုမျိုး ၆ မိနစ် သွားလိုက်၊ လာလိုက်လုပ်ရမှာ ဖြစ်ပါတယ်။
●  ရင်ဘတ်အောင့်တာ၊ မောတာရှိရင် စမ်းသပ်နေသူကို ပြောပါ။
●  နှေးနှေးလျှောက်တာ၊ ခဏနားတာ၊ ရပ်တာ လုပ်လို့ရပါတယ်။

**  လုံခြုံစိတ်ချရစေဖို့
●  မောတာ၊ ရင်ဘတ်အောင့်တာ ရှိ၊ မရှိ စမ်းသပ်သူက တောက်လျှောက် ကြည့်နေပါလိမ့်မယ်။
●  လိုအပ်ရင် အောက်စီဂျင်တို့၊ တခြားကုသမှုပေးနိုင်တဲ့ပစ္စည်းတွေ အနားမှာရှိနေမှာပါ။

**  အဖြေထွက်လာတဲ့အခါ
အဖြေဟာ ကိုယ့်ကိုယ်အလေးချိန်၊ အရပ်အမောင်း၊ ယောက်ျားမိန်းမ၊ အသက် စတာတွေနဲ့လိုက်ပြီး ပုံမှန်ရှိသင့်တာနဲ့ ချိန်ဆပြီး ထွက်လာမှာပါ။ ကုသမှုကို တုန့်ပြန်မှု ရှိ၊ မရှိ ခန့်မှန်းဖို့အတွက် သုံးနိုင်ပါတယ်။ အထူးသဖြင့် ကုသမှုစတင်ပြီး ၆ လ၊ ၁ နှစ် အကြာမှာပေါ့။ အဖြေပေါ်မူတည်ပြီးမှ ဆေးတွေ၊ လှုပ်ရှားမှုပရိုဂရမ်တွေကို ပြောင်းသင့်ပြောင်းပါလိမ့်မယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)