/
node/10660

စအိုကွဲနာဆိုတာ ဘာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

စအိုဘေးကနေ စအိုတစ်လျှောက်ကိုကွဲပြီး ဒဏ်ရာဖြစ်ကာ သွေးထွက်ခြင်းနှင့် ဝမ်းထွက်ကျခြင်း ဖြစ်လာတတ်ပါတယ်။ စအိုကွဲနာဟာ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီး အူမကြီးရောဂါတွေရဲ့ ၆% ကနေ ၁၅% ထိ ရှိပါတယ်။ အမျိုးသား၊ အမျိုးသမီး၊ အသက်အရွယ်မရွေးမှာ ဖြစ်တတ်ပြီး ဝမ်းသွားတိုင်း  နာကျင်မှုဝေဒနာကို ဆိုးရွားစွာ ခံရတတ်ပါတယ်။ မွေးကင်းစကလေးဘဝမှာလည်း ဝမ်းထဲသွေးပါခြင်းရဲ့ အဓိကတရားခံဟာ စအိုကွဲနာ ဖြစ်ပါတယ်။
စအိုအဝနဲ့ လမ်းကြောင်းတစ်လျှောက်မှာ ကာရံထားတဲ့ Anoderm လို့ခေါ်တဲ့ အထူးပြုအလွှာမှာ စအိုကွဲနာ အဖြစ်များပါတယ်။ အရေပြားနဲ့မတူတာက ဒီအလွှာမှာ အမွေး၊ ချွေးဂလင်းနဲ့ အဆီဂလင်းတွေမရှိဘဲ ထိတွေ့မှုနဲ့ နာကျင်မှုကို ခံစားသိနိုင်တဲ့ အာရုံခံအာရုံကြောတွေ အများအပြားရှိနေပါတယ်။ ဒါကြောင့်လည်း စအိုကွဲနာဟာ အင်မတန် နာကျင်ရတာပါ။

>>  Rectal pain syndrome စအိုနာခြင်းရောဂါစု
အစာအိမ်နဲ့အူလမ်းကြောင်းမှာ နောက်ဆုံးအပိုင်းဖြစ်တဲ့ ဝမ်းအိတ်နဲ့စအိုပိုင်းမှာ နာကျင်တာဖြစ်ပြီး နာကျင်စေတတ်တဲ့ အဓိကအကြောင်းရင်းတွေဟာ ဝမ်းထဲ သွေးပါတတ်ပါသေးတယ်။
●  လိပ်ခေါင်း
●  စအိုကွဲနာ
●  အူလမ်းကြောင်းရောင်ရောဂါ
●  ပိုးဝင်ခြင်း
●  ထိခိုက်ဒဏ်ရာရခြင်း စသည်တို့ကြောင့် စအို နာကျင်တတ်ပါတယ်။

>>  စအိုကွဲနာ ဖြစ်စေတတ်တဲ့ အကြောင်းရင်းများ
စအိုကို ထိခိုက်မိတဲ့အတွက် စအိုကွဲနာ ဖြစ်ရတတ်ပါတယ်။ အဓိကထိခိုက်မိရတဲ့ အကြောင်းရင်းကတော့ ဝမ်းချုပ်တာ၊ ဝမ်းမာတာနဲ့ ဝမ်း ခဏခဏသွားတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ စအိုအပူချိန်တိုင်းကိရိယာ၊ ဝမ်းချူတံ၊ စအိုထည့်ဆေး၊ အူလမ်းကြောင်းကြည့်မှန်ပြောင်းနဲ့ အာထရာစောင်းအတံ ထည့်ခြင်းကြောင့်လည်း ရတတ်ပါတယ်။ အမျိုးသမီးတွေမှာ ကလေးမွေးရာကနေ မိန်းမကိုယ်နဲ့ စအိုကြားကွဲပြီး စအိုထဲထိ ထိခိုက်ဒဏ်ရာရတတ်ပါတယ်။
အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ အဖြစ်များဆုံးနေရာကတော့ ကျောရိုးဘက် စအိုအနောက်တည့်တည့်မှာ ဖြစ်တတ်ပါတယ်။ စအိုပေါက်အဝကို ဝန်းရံထားတဲ့ အပြင်ပိုင်းနဲ့ အတွင်းပိုင်းရှုံ့ကြိုးတွေဟာ စအိုလမ်းကြောင်းကို ထောက်ပံ့ပေးထားပါတယ်။ ဒီရှုံ့ကြိုးတွေဟာ ဘဲဥပုံသဏ္ဌာန်ရှိပြီး ဘေးဘက်တွေမှာ အဓိက ထောက်ပံ့ပေးထားပေမယ့် အနောက်ဘက်ကတော့ အထောက်အပံ့ အနည်းဆုံးဖြစ်တာကြောင့် ဒီနေရာမှာ စအိုကွဲနာ အဖြစ်များပါတယ်။
အမျိုးသမီးတွေမှာ စအိုပေါက်ရှေ့ မိန်းမကိုယ်ရှိနေတဲ့အတွက် စအိုအရှေ့ပိုင်းကွဲနှုန်းဟာ အမျိုးသားတွေမှာ ၁ ရာခိုင်နှုန်းသာ ဖြစ်တတ်ပေမယ့် အမျိုးသမီးတွေမှာ ၁၀ ရာခိုင်နှုန်းရှိပါတယ်။ စအိုကွဲနာအဆုံးမှာ အရေပြားအပိုင်းစလေး ထွက်နေတတ်ပါတယ်။
ဒီလို စအိုအရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာမဟုတ်ဘဲနဲ့ အခြားနေရာတွေမှာ ရှိနေရင်တော့ ထိခိုက်ဒဏ်ရာကြောင့်မဟုတ်ဘဲ အခြားပြဿနာတစ်ခုခု ဖြစ်နိုင်ပါတယ်။ အခြားဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ စအိုကင်ဆာ၊ Crohn’s disease အူရောင်ရောဂါ၊ လူကီးမီးယား သွေးဖြူဥကင်ဆာရောဂါအပြင် ပိုးမွှားရောဂါတွေဖြစ်တဲ့ တီဘီရောဂါ၊ ဗိုင်းရပ်စ်ရောဂါ (cytomegalovirus, ရေယုန်ရောဂါ)၊ ဆစ်ဖလစ်ကာလသားရောဂါ၊ ဆီးပူညောင်းကျရောဂါ၊ Chlamydiaရောဂါ၊ chancroid ရောဂါတွေနဲ့ HIV ခုခံအားကျဆင်းရောဂါတွေ ပါဝင်ပါတယ်။
စအိုကွဲနာရှိသူတွေမှာ စအိုဝကိုဝန်းရံထားတဲ့ ကြွက်သားတွေဟာ အဆမတန် ညှစ်ထားတတ်ပြီး စအိုလမ်းကြောင်းအတွင်း ဖိအား အလွန်များနေတာကို တွေ့ရပါတယ်။ စအိုဝကို ဝန်းရံထားတဲ့ကြွက်သားတွေကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း အပြင်ပိုင်းရှုံ့ကြိုးနဲ့ အတွင်းပိုင်းရှုံ့ကြိုးတို့ပဲ ဖြစ်ပါတယ်။ အပြင်ပိုင်းရှုံ့ကြိုးဟာ Voluntary (striated) muscle ကြွက်သားအမျိုးအစားဖြစ်ပြီး သိစိတ်က ထိန်းချုပ်နိုင်တာကြောင့် ဝမ်းမသွားအောင် ညှစ်ထားနိုင်ပြီး ဝမ်းသွားအောင် လျှော့ချလိုက်လို့ ရပါတယ်။ ဒါပေမဲ့ အတွင်းရှုံ့ကြိုးကတော့ သိစိတ်နဲ့ ထိန်းချုပ်လို့မရတဲ့ involuntary (smooth) muscle ကြွက်သားအမျိုးအစား ဖြစ်ပါတယ်။ ဒီအတွင်းရှုံ့ကြိုးဟာ အတွင်းကဝမ်းတွေ နည်းနည်းစီ ထွက်ကျမလာအောင် အမြဲတမ်း ညှစ်ထားရပါတယ်။ ဝမ်းမသွားခင်မှာ ဝမ်းအိတ်ထဲ ဝမ်းတွေ ရောက်လာတဲ့အခါ အတွင်းရှုံ့ကြိုး ပြေလျော့သွားပြီး (အကယ်၍ အပြင်ရှုံ့ကြိုးကို သိစိတ်က မညှစ်ထားဘူးဆိုရင်) ဝမ်းထွက်ကျစေပါတယ်။
စအိုကွဲနာရှိသူတွေမှာ အတွင်းရှုံ့ကြိုးဟာ တောက်လျှောက်ညှစ်ထားတတ်ပြီး ပြေလျော့သွားချိန်၊ ဝမ်းသွားပြီးချိန်မှာလည်း နဂိုအနေအထားအတိုင်း ပြန်မရောက်ဘဲ စက္ကန့်အနည်းငယ်ကြာ အလွန်အမင်း ညှစ်ထားတတ်ပါသေးတယ်။ ဒီလိုတောက်လျှောက်ညှစ်ထားတာ၊ ပြေလျော့ပြီး ဝမ်းသွားပြီးချိန်မှာ အလွန်အကျွံ ညှစ်ထားတာမျိုးတွေကြောင့် စအိုကွဲနာဟာ ပိုပိုပြဲလာပြီး ပြန်မစေ့တော့ဘဲ အနာမကျက်တာမျိုး ဖြစ်စေနိုင်ပါတယ်။
စအိုကွဲနာ အနာမကျက်တာဟာ စအိုတစ်လျှောက် သွေးလှည့်ပတ်မှုအပေါ်မှာလည်း မူတည်နေနိုင်ပါသေးတယ်။ သွေးအသွားအလာ နည်းတာကြောင့်လည်း အနာမကျက်တာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် စအိုကွဲနာဖြစ်သူတွေမှာ အတွင်းရှုံ့ကြိုး တောက်လျှောက်ညှစ်ထားပြီး ဖိအားများနေတာကြောင့် သွေးကြောတွေကို ဖိထားပြီး သွေးအသွားအလာ နည်းလာတတ်ပါတယ်။

Dr. Emerald (www.drmyanmar.com)