ကိုဗစ်သက်သာပြီးနောက် ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ကြမလဲ
ကိုဗစ်ကူးစက်ခံရပြီး သက်သာလာတဲ့အခါ လူကောင်းပကတိအခြေအနေကို အမြန်ပြန်ရောက်အောင် ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ဖို့နဲ့ ကိုဗစ်ရဲ့ နောက်ဆက်တွဲအန္တရာယ်ရှိတဲ့ လက္ခဏာတွေကိုပါ စောင့်ကြည့်ပေးဖို့ အရေးကြီးပါတယ်။
အကယ်၍ မိမိတို့ဟာ မကြာသေးခင်ကမှ ကိုဗစ်ပိုး ကူးစက်ခံထားရပြီး သက်သာခါစ အချိန်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေအတိုင်း ကိုယ့်ကိုယ်ကို ဂရုစိုက်သင့်ပါတယ်။
၁။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်ရောစိတ်ပါ ကျန်းမာစေပါတယ်။ ဒါကြောင့် ကိုဗစ် သက်သာပျောက်ကင်းတာနဲ့ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သက်သာခါစမှာ မောတာ၊ နုံးတာမျိုး ရှိနေနိုင်လို့ လေ့ကျင့်ခန်း စလုပ်တဲ့အခါ ဖြည်းဖြည်းချင်းပဲ လုပ်ပေးပါ။
၂။ အာဟာရစုံလင်စွာ စားသောက်ပါ။
ကိုဗစ်ရောဂါဖြစ်ရင် ဗိုင်းရပ်စ်ပိုးနဲ့ တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိခိုက်နိုင်သလို အစားအသောက်ပျက်ခြင်းကြောင့် ကိုယ်အလေးချိန် ကျနိုင်ပါတယ်။ ပျက်စီးသွားတဲ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ဆိုရင် အာဟာရစုံလင်စွာ စားသောက်ပေးဖို့ လိုအပ်ပါတယ်။ ခံတွင်းပျက်နေရင် လတ်ဆတ်တဲ့ အော်ဂန်းနစ်အစားအသောက်တွေ၊ ဟင်းသီးဟင်းရွက်နဲ့ ကြက်သား၊ ကြက်ဥ စတာတွေ စားသုံးပေးပါ။ ခွန်အားချွေတာဖို့အတွက် ချက်ပြုတ်ပြင်ဆင်ရလွယ်ကူတာတွေကို စားပေးပါ။
Decolgen IA 1

၃။ မှတ်ဉာဏ်ကောင်းစေမယ့်အရာတွေ ပြုလုပ်ပေးပါ။
ကိုဗစ်ရဲ့နောက်ဆက်တွဲပြဿနာတစ်ခုကတော့ သတိမေ့တာပါ။ ဒါ့အပြင် အာရုံစူးစိုက်မှုအားနည်းတာနဲ့ ဆက်စပ်တွေးခေါ်နိုင်စွမ်း ကျဆင်းတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်လုပ်ငန်းဆောင်တာတွေ ပြန်လည်ကောင်းမွန်စေဖို့အတွက် ပဟေဠိဖွက်တမ်းနဲ့ မှတ်ဉာဏ်ဂိမ်းလိုမျိုး ကစားနည်းတွေကို နေ့စဉ် အချိန်နည်းနည်းပေးပြီး ကစားပါ။
၄။ ပုံမှန်အခြေအနေပြန်ဖြစ်အောင် အတင်းမကြိုးစားပါနဲ့။
ခန္ဓာကိုယ်ထဲမှာ ကိုဗစ်ပိုး မရှိတော့ပေမယ့် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ဟာ ရောဂါတိုက်ထုတ်လိုက်ရတာကြောင့် ပင်ပန်းနေတဲ့ အခြေအနေပါ။ ဒါကြောင့် သက်သာခါစမှာ ချက်ချင်းကြီး လူကောင်းပကတိလို အလုပ်တွေ ပြန်မလုပ်ပါနဲ့။ ကိုယ်လုပ်နေကျအလုပ်တွေကို ဖြည်းဖြည်းချင်း အချိန်ယူပြီး လုပ်ပေးပါ။ ဥပမာ - ကိုယ်က တစ်နေ့တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်နေကျဆိုရင် သက်သာခါစမှာ တန်းပြီး တစ်နာရီကြာအောင် လေ့ကျင့်ခန်းမလုပ်ပါနဲ့။ တစ်နေ့ကို ၁၀-၁၅ မိနစ်လောက်နဲ့ စလုပ်ပြီးမှ တဖြည်းဖြည်း အချိန်တိုးသွားပေးပါ။
၅။ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို သတိထားစောင့်ကြည့်ပါ။
ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးမရှိတော့ပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် မိမိတို့ဆီမှာ အသက်ရှူကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း စတဲ့ အန္တရာယ်ရှိတဲ့ လက္ခဏာတွေ ရှိ၊ မရှိ သတိထားစောင့်ကြည့်နေပြီး ရှိလာခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးပါ။
Decolgen IA 2

၆။ အားအင်ကုန်စေတဲ့အလုပ်တွေကို ကိုယ်တိုင်မလုပ်ဘဲ တစ်စုံတစ်ယောက်ကို အကူအညီတောင်းပါ။
ကိုဗစ် သက်သာခါစမှာ မောကောင်းမောနိုင်သေးလို့ ဒီအချိန်မှာ ကောင်းကောင်းအနားယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဈေးသွားဖို့၊ အိမ်မှုကိစ္စလုပ်ဖို့၊ အစားအသောက် ချက်ပြုတ်ပြင်ဆင်ဖို့အတွက် သူငယ်ချင်းဖြစ်စေ၊ မိသားစုဝင်ဖြစ်စေ တစ်စုံတစ်ယောက်ကို အကူအညီတောင်းဖို့ အားမနာပါနဲ့။
ကိုဗစ်သက်သာခါစမှာ ပုံမှန်အခြေအနေပြန်ရောက်ဖို့က အရေးကြီးသလို နောက်တစ်ကြိမ် ကိုဗစ် ထပ်မဖြစ်အောင် ကာကွယ်ဖို့ကလည်း အရေးကြီးပါတယ်။ ကိုဗစ် ကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်က ထုတ်ပေးတဲ့ ပဋိဇီဝပစ္စည်းတွေဟာ နောက်တစ်ကြိမ် ကိုဗစ်ထပ်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ ဒီပဋိဇီဝပစ္စည်းတွေဟာ ခန္ဓာကိုယ်ထဲမှာ ဘယ်လောက်ကြာကြာ ရှိနေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
ဒါကြောင့် နောက်တစ်ကြိမ် ထပ်မဖြစ်ဖို့ဆိုရင် ကိုယ်ခံအားကောင်းအောင် နေပါ။ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ပါ။ လက်ဆေး၊ နှာခေါင်းစည်းတပ်၊ ခပ်ခွာခွာနေ စတဲ့ ကာကွယ်နည်းလမ်းညွှန်တွေကို စနစ်တကျလိုက်နာပါ။ ဖြစ်နိုင်ရင် ကိုဗစ်ကာကွယ်ဆေး ထိုးထားကြပါ။
Dr. Aye Hsu Mon (www.drmyanmar.com)






























