ဖျားနာနေစဉ် ရေဓာတ်ဆုံးရှုံးမှုမရှိအောင် ဘယ်လိုကာကွယ်ကြမလဲ
ရေဓာတ်ဖြည့်ပေးခြင်းဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ ကြွက်သားတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ကူညီပေးတာကြောင့် တစ်နေ့တာကို အရည်ပမာဏ လုံလုံလောက်လောက်သောက်ဖို့ အရေးကြီးပါတယ်။ ရေဓာတ် ပြည့်ဝနေဖို့ဆိုရင် ရေနဲ့ ကဖင်းမပါတဲ့ အရည်တွေကို ရေဆာမှသောက်တာမဟုတ်ဘဲ တစ်နေ့တာလုံး မကြာခဏသောက်ပေးဖို့ လိုအပ်ပါတယ်။
ဖျားနာနေချိန်မှာ အထူးသဖြင့် အန်ပြီး ဝမ်းလျှောနေတယ်ဆိုရင် ရေဓာတ်ဆုံးရှုံးမှုရှိနိုင်တာကြောင့် ဒီအချိန်မှာ အရည်များများသောက်ပေးဖို့ လိုလာပါပြီ။ ဒါပေမဲ့ ဖျားနာနေချိန်မှာ ပျို့အန်တာ၊ နုံးတာတွေကြောင့် အရည်များများ သောက်ချင်မှသောက်နိုင်ပါလိမ့်မယ်။
Decolgen IA 1

Centre of Disease Control and Prevention (CDC) အနေနဲ့ ဖျားနာနေချိန် ရေဓာတ်ခမ်းခြောက်တာကို ကာကွယ်ဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ အကြံပြုထားပါတယ်။
● အရက်နဲ့ ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်တွေကို ရှောင်ကြဉ်ပါ။
● ရေ၊ စွပ်ပြုတ်၊ ဓာတ်ဆား အစရှိတဲ့ အရည်ကြည်ကြည်လေးတွေကို သောက်ကြည့်ပါ။
● ခွက်နဲ့မော့သောက်ဖို့ အားနည်းလွန်းနေတယ်ဆိုရင် ပိုက်နဲ့စုပ်သောက်ပါ။
● အသက်ကြီးသူတွေနဲ့ ကျောက်ကပ်ရောဂါရှိသူတွေမှာ အရည်ပမာဏ ဘယ်လောက်သောက်လို့ရသလဲ သိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
Decolgen IA 2

ဖျားနာတာ သက်သာစေဖို့ အအေးမိဖျားနာသောက်ဆေးတွေ သောက်တာအပြင် ရေဓာတ်ခမ်းခြောက်တာမဖြစ်အောင် ကာကွယ်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ ရေဓာတ်ခမ်းခြောက်တာဟာ အရမ်းမဆိုးဘူးဆိုရင်တော့ အိမ်မှာပဲ အရည်များများသောက်ပြီး ကုသလို့ရပေမယ့် ပြင်းထန်လာပြီဆိုရင်တော့ အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းပြဖို့ လိုအပ်ပါတယ်။
ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေကတော့ ဆီးအရောင်ရင့်လာပြီး တစ်ခါတလေ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ မျက်ရည်မထွက်တာ၊ မျက်လုံးခြောက်တာ၊ ခံတွင်းခြောက်တာ၊ ဆီးနည်းသွားတာ၊ နှလုံးခုန်မြန်တာတွေ ရှိလာရင်တော့ ရေဓာတ်ခမ်းခြောက်တာဟာ တော်တော်ဆိုးနေပြီမို့ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသပေးသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























