/
node/10918

ရာသီတုပ်ကွေး ကူးစက်ပျံ့နှံ့ခြင်းကို F.I.G.H.T (တိုက်ထုတ်) ကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မိမိချစ်ချင်ရသူတွေကို ရာသီတုပ်ကွေး မကူးစက်အောင် ကာကွယ်ပေးချင်ပါသလား။ အင်္ဂလိပ်လို F.I.G.H.T ဆိုပြီး အတိုကောက်မှတ်လို့ရတဲ့ နည်းလမ်း (၅) မျိုးနဲ့ ကာကွယ်ပေးလိုက်ပါ။ ဒီနည်းလမ်း (၅) မျိုးဟာ ရာသီတုပ်ကွေးကိုသာမက တခြားကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပေးပါလိမ့်မယ်။

၁။  Frequent hand washing (မကြာခဏ လက်ဆေးပါ)
လက်ကို ဆပ်ပြာနဲ့ရေ အသုံးပြုပြီး မကြာခဏ ဆေးပေးပါ။ ဆေးတဲ့အခါမှာလည်း ပြီးပြီးရောဆေးတာမဟုတ်ဘဲ ပြောင်စင်အောင် သေချာပွတ်တိုက်ဖို့ အရေးကြီးပါတယ်။ ဆပ်ပြာနဲ့ရေ အလွယ်တကူ မရနိုင်ဘူးဆိုရင် အယ်လ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည်တွေကို အသုံးပြုနိုင်ပါတယ်။

Decolgen IA 1

၂။  Immunization (ကာကွယ်ဆေးထိုးပါ)
ရာသီတုပ်ကွေးကို ကာကွယ်ဖို့ဆိုရင်တော့ တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်နှစ်တိုင်း ထိုးပေးဖို့လိုပါတယ်။ အသက် (၆၅) နှစ်နဲ့အထက်ရှိသူတွေ၊ ငါးနှစ်အောက်ကလေးငယ်တွေနဲ့ ဆီးချိုသွေးချိုလိုမျိုး နာတာရှည်ရောဂါရှိသူတွေအနေနဲ့ တုပ်ကွေးကာကွယ်ဆေးထိုးဖို့ ပိုပြီးလိုအပ်ပါတယ်။

၃။  Go to the doctor (ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ)
တုပ်ကွေးလက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာစေးတာ၊ ကိုယ်လက်ကိုက်ခဲတာတွေ ရှိလာရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုတွေ ခံယူပေးပါ။

Decolgen IA 2

၄။  Home rest (အိမ်မှာပဲ အနားယူပါ)
ဖျားနေတယ်ဆိုရင် အိမ်မှာပဲနေပါ။ အလုပ်သွား၊ ကျောင်းသွား၊ လူများတဲ့နေရာတွေကို သွားတာမျိုး မလုပ်ပါနဲ့။ အိမ်မှာနေရင်လည်း ကောင်းကောင်းအနားယူပါ။ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေ မလုပ်ပါနဲ့။

၅။  Tissue and Mask (တစ်ရှူးနဲ့ နှာခေါင်းစည်း အသုံးပြုပါ)
ချောင်းဆိုး၊ နှာချေချင်ပြီဆိုရင် နှာခေါင်းနဲ့ပါးစပ်ကို တစ်ရှူးနဲ့လုံအောင်အုပ်ပြီးမှ ချောင်းဆိုးပါ၊ နှာချေပါ။ ဖျားနေတယ်ဆိုရင်၊ ဒါမှမဟုတ် အပြင်သွားရင် နှာခေါင်းစည်းတပ်ပါ။ အသုံးပြုပြီးသား တစ်ရှူးနဲ့ နှာခေါင်းစည်းတွေကို အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပါ။ စွန့်ပစ်ပြီးတာနဲ့ လက်ဆေးပေးဖို့ကိုလည်း မမေ့ကြပါနဲ့။

Dr. Aye Hsu Mon (www.drmyanmar.com)