/
node/10984

ပခုံးအဆစ်လွဲတဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လက်မောင်းရိုးဟာ ပခုံးစွပ်ခွက်ထဲကနေ ကျွံထွက်သွားတာကို ပခုံးအဆစ်လွဲတယ်လို့ ခေါ်ပါတယ်။ ပခုံးဟာ ကိုယ်ခန္ဓာမှာ အလှုပ်ရှားဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တာမို့ အဆစ်လွဲလွယ်ပါတယ်။

>>  ပခုံးအဆစ်လွဲကြောင်း သိနိုင်ဖို့
ဆရာဝန်ကဖြစ်တဲ့နေရာမှာ ရောင်ရမ်းမှု၊ နာကျင်မှု၊ ပုံပျက်မှု ရှိ၊ မရှိကို စမ်းသပ်ကြည့်ပါလိမ့်မယ်။ ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့် အဆစ်လွဲနေတာ၊ အရိုးအကျိုးတွေနဲ့ အရိုးမှာ အခြားထိခိုက်မှုတွေကို မြင်နိုင်ပါတယ်။

Jointace 1

>>  ကုသမှုတွေကတော့ -
●  လက်နဲ့အဆစ် နေရာမှန်ပြန်ရောက်အောင် ပြုပြင်ပေးခြင်း
●  ခွဲစိတ်ကုသခြင်း
●  ကျောက်ပတ်တီးစည်းခြင်း
●  အကိုက်အခဲပျောက်ဆေး၊ ကြွက်သားပြေလျော့ဆေးများပေးခြင်း
●  အဆစ်ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများပြုလုပ်ခြင်း
စတဲ့ နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။

Jointace 2

>>  အိမ်တွင်းနည်းလမ်းလေးတွေအနေနဲ့
သေချာကုသမှုခံယူပြီးနောက် နာကျင်မှုသက်သာစေဖို့နဲ့ ကောင်းကောင်း အနာကျက်မြန်နာလန်ထနိုင်ဖို့ ဒီအိမ်တွင်းနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်နိုင်ပါတယ်နော်။
●  ပခုံးကို အနားပေးပါ။ ပခုံးအဆစ်လွဲစေတဲ့ လှုပ်ရှားမှုမျိုး၊ နာကျင်မှုကို ဖြစ်စေနိုင်မယ့် လှုပ်ရှားမှုမျိုးကို ထပ်မလုပ်မိပါစေနဲ့။ ပခုံး ကောင်းကောင်းသက်သာတဲ့အထိ အလေးအပင်မတာ၊ လက်ကို ပခုံးအပေါ်ထိ မြှောက်တာမျိုး မလုပ်ပါနဲ့။
●  ရေခဲ အရင်ကပ်ပြီးနောက် အပူကပ်ပါ။ ရေခဲကပ်ခြင်းဖြင့် ရောင်ရမ်းမှုနဲ့ နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ ပထမ တစ်ရက်၊ နှစ်ရက်မှာ တစ်နာရီခြားတစ်ခါ ရေခဲကပ်ပါ။ ၂ ရက်၊ ၃ ရက်အကြာ နာကျင်ရောင်ရမ်းမှုတွေ သက်သာပြီးနောက် အပူကပ်ပေးခြင်းဖြင့် ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ အပူကိုတော့ တစ်ခါကပ်ရင် မိနစ် ၂၀ ထက် မပိုပါစေနဲ့။
●  အကိုက်အခဲပျောက်ဆေး သောက်ပါ။ အဆစ်အမြစ် နာကျင်တာတွေ သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သောက်ပြီး လိမ်းဆေးလေးတွေ လိမ်းပေးနိုင်ပါတယ်။
●  ၁ ရက်၊ ၂ ရက်အကြာမှာ ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း လေ့ကျင့်ခန်းအပျော့စားလေးတွေကို စလုပ်ပေးပါ။ မလှုပ်ရှားခြင်းက အဆစ်တွေကို တောင့်တင်းစေနိုင်ပါတယ်။ ဒီကနေ ပိုဆိုးလာရင် အဆစ်ကပ်ပြီး လှုပ်ရှားမရတော့တဲ့အခြေအနေအထိတောင် ဖြစ်သွားနိုင်ပါတယ်။
အနာ လုံးဝကျက်သွားပြီး ပခုံး ကောင်းကောင်းလှုပ်ရှားနိုင်သွားပြီးတဲ့အထိကို လေ့ကျင့်ခန်း ဆက်လုပ်ပေးပါ။ နေ့စဉ် ပခုံးအကြောလျော့ခြင်း၊ ပခုံးအဆစ် တောင့်တင်းသန်မာအောင်လေ့ကျင့်ခန်းပြုလုပ်ခြင်း စတာတွေက နောက်တစ်ကြိမ် ပခုံးအဆစ်လွဲခြင်းကို ကာကွယ်ပေးနိုင်မှာပါ။

Dr. Aye Hsu Mon (www.drmyanmar.com)