/
node/4058

ခရီးသွားစဉ်ရှောင်ကြဉ်ရမည့် ကျန်းမာရေးအလွဲများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ဘဝတွင်အပြည့်အဝပျော်ရွှင်ဖွယ်ကောင်းသောခရီးစဉ်တစ်ခုဖြစ်စေရန်အတွက်ခရီးသွားလာ စဉ်အောက်ပါ ကျန်းမာရေးအလွဲများကို ရှောင်ကြဉ်သင့်ပါသည်။

 

၁။ ကာကွယ်ဆေးမထိုးခြင်း

         ကိုယ်သွားမည့်အရပ်ဒေသသို့ခရီးမသွားလာမီထိုးသင့်သော ကာကွယ်ဆေးများရှိပါက ကြိုတင်၍ တိကျစွာထိုးထားရန်လိုအပ်ပါသည်။ ခရီးသွားလာစဉ်တွင်း ရောဂါများစွာ ကူးစက်ဖြစ်ပွားနိုင်ခြေရှိပြီး ခြင်ကိုက် ပါက ငှက်ဖျားရောဂါလည်းဖြစ်နိုင်သေးသည်။ သို့ဖြစ်ရာ လိုအပ်သောဆေးများမထိုးခြင်းကို မပြုလုပ်သင့်ဘဲ ဆေးမထိုးမီ တတ်ကျွမ်းနားလည်သောဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။

 

၂။ လမ်းဘေးစာစားသောက်ခြင်း

         ပိုက်ဆံချွေတာသောခရီးသွားများသည် ဈေးသက်သာပြီးအရသာရှိသော လမ်းဘေးအစား အစာများကို စားသောက်လေ့ရှိကြသည်။ သို့ရာတွင် အစားအသောက်သန့်ရှင်းရေးကို ဦးစား မပေးသောနိုင်ငံများ၊ ဒေသများ သို့ရောက်ရှိပါက လမ်းဘေးစာစားရာမှ ဝမ်းလျေှှာဝမ်းပျက်၊ အစာ အဆိပ်သင့်၊ ဗိုက်မကောင်းဖြစ်တတ် သည်။ ဒေသခံများအနေဖြင့် အကျင့်ရနေပြီး ရောဂါမဖြစ်သော် လည်း ခရီးသွားများအဖို့အန္တရာယ်ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ခရီးမထွက်ခင် သွားရောက်မည့်ဒေသရှိ သန့်ရှင်းသောအစားအစာများရရှိနိုင်သည့် ဆိုင်များကို ကြိုတင်လေ့လာမေးမြန်းထားသင့်သည်။

 

၃။ ဘုံဘိုင်ရေ(သို့မဟုတ်)ရေစိမ်းသောက်ခြင်း

         ဒေသခံများက ၄င်းတို့၏ဘုံဘိုင်ရေမှာသန့်ရှင်းသည်ဟု ပြောကြားစေကာမူ ရေသန့်ဘူးကို သာ ရွေးချယ်သောက်သုံးသင့်သည်။ အကယ်၍ ရေသန့်မရနိုင်သည့်ဒေသဖြစ်ပါက ရေကိုသေချာကြို ချက်ပြီး သောက်သုံးသင့်သည်။

 

၄။ ကျန်းမာရေးအာမခံအချက်အလက်များအသေးစိတ်မသိခြင်း

        ကမ်ဘာလှည့်ခရီးသွားအများစုမှာ ကျန်းမာရေးအာမခံများပြုလုပ်တတ်သော်လည်း မတော်တဆ အမှန် တကယ်ရောဂါဖြစ်ပွားချိန်၊ ထိခိုက်ဒဏ်ရာရချိန်တို့တွင် အာမခံအကျုံးမဝင်ဘဲ ကုန်ကျစရိတ်များ ပြန်လည် မရရှိတတ်ပေ။ သို့ဖြစ်ရာ အာမခံအား မဝယ်ယူမီ အသေးစိတ်အချက်အလက်များကို သေချာစွာ လေ့လာ သင့်သည်။

 

၅။ အရေးပေါ်ဆေးသေတ္တာ (First Aid Kit) အား အိမ်တွင်ထားခဲ့တတ်ခြင်း

        အရေးပေါ်ဆေးသေတ္တာကို သယ်ဆောင်ရန် ဝန်များစွာမလိုဘဲ အရေးကြုံလျှင် မိမိအသက်ကို ကယ်တင်နိုင်ပါသည်။ ဓာတ်မတည့်တတ်သူများ၊ ရောဂါရှိသူများအဖို့ ဆရာဝန်နှင့်တိုင်ပင်လျက် ခရီးစဉ်တွင်း ယူဆောင်သွားရမည့်ဆေးများကို မမေ့မလျော့ပြင်ဆင်ထားသင့်သည်။ မိမိသွားမည့် အရပ်ဒေသတွင် အဖြစ်များသောရောဂါများကို ကြိုတင်လေ့လာပြင်ဆင်ထားရန်လည်း လိုအပ်ပါသည်။

 

၆။ ဖိနပ်မပါဘဲလမ်းလျှောက်ခြင်း

        ဖိနပ်မပါဘဲခြေဗလာဖြင့်လမ်းလျှောက်ခြင်းတွင် အကျိုးကျေးဇူးများစွာရှိသော်လည်း လူအများလာရောက် လည်ပတ်ရာနေရာများသို့ သွားရောက်စဉ်တွင် ဖိနပ်စီးရန် လိုအပ်ပြီး ကမ်းခြေ(သို့မဟုတ်) ရေတံခွန်သို့ လည်ပတ်လျှင်ပင် ဖိနပ်မပါဘဲ ခြေဗလာဖြင့် လမ်းလုံးဝမလျှောက်သင့်ပေ။ ခြေထောက်မှ တစ်ဆင့် ရောဂါမျိုးစုံကူးစက်ရရှိနိုင်ပါသည်။

 

၇။ လက်ဆေးခြင်း

        ခရီးသွားလာစဉ် လက်ဆေးရန်မေ့လျော့တတ်ပြီး အမြဲစိမ်းသစ်တော(သို့မဟုတ်) သဲကန္တာရကဲ့သို့ ရေ အလွယ်တကူမရသောနေရာများသို့ ရောက်လျှင်လည်း လက်ဆေးရန်ခက်ခဲတတ်ရာ အရည် အသွေးကောင်းသော ရေမလိုလက်ဆေးရည်(သို့မဟုတ်) လက်ဆေးဆီများ ဆောင်ထားခြင်းဖြင့် နေရာမရွေး လက်သန့်ရှင်းနိုင်မည်ဖြစ်သည်။

 

၈။ ပတ်ဝန်းကျင်ကိုမလေ့လာခြင်း

        ဂူးလ်ဂဲမှကွန်ယက်မြေပုံ (Google maps)များ၏ အကူအညီဖြင့် ခရီးသွားလာခြင်းကို ပိုမိုသက်သာ လွယ်ကူစေပြီး မိမိသွားလာမည့်နေရာဒေသအနေအထားတည်နေရာကို လေ့လာသိရှိခြင်းက အမှန် တကယ်စိတ်အပန်းပြေပျော်ရွှင်နိုင်မည်ဖြစ်သည်။ သို့သော် အချို့ခရီးသွားများအဖို့မြေပုံကို အသုံးမချ တတ်ပေ။

        ခရီးသွားလာနေကျပုဂ္ဂိုလ်များပင် အထက်ပါအချက်များကို မေ့လျော့နေတတ်ကြသဖြင့် အထူးဂရုပြု လိုက်နာကြရန်လိုပါသည်။

 

Dr. Thanda Lin

www.drmyanmar.com