/
node/4073

ဆီးချိုသွေးချိုဝေဒနာရှင်တို့အတွက် ခြေထောက်နှင့်ခြေသည်းအလှပြုပြင်ရာတွင် အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ဆီးချိုသွေးချိုဝေဒနာရှင်တို့အဖို့ မိမိတို့ခြေထောက်ကို များစွာဂရုစိုက်ရန်လိုအပ်ပြီး ရောဂါပိုးဝင်ရောက် လျှင် သွေးတွင်းအချိုဓာတ်ကို ပိုမိုမြင့်တက်စေသည့်အလျောက် အနာကျက်ရန်ခက်ခဲပြီး ခြေထောက်ဖြတ်ပစ် ရသည်အထိ နောက်ဆက်တွဲဝေဒနာဆိုးကျိုးများကို ခံစားရစေနိုင်သည်။

        သို့ဖြစ်၍ခြေသည်းများနှင့် ခြေထောက်များကို အလှပြုပြင်မည်ဆိုပါက အောက်ပါသတိပြုရန်အချက်များ ကို လိုက်နာလုပ်ဆောင်ထားသင့်ပါသည်။

(1) ခြေထောက်နှင့်ခြေသည်းများတွင် ရောဂါပိုးဝင်နေချိန်၊ ထိခိုက်ရှနာရှိနေချိန်နှင့် အနာဖြစ်နေချိန်တို့တွင် အခြေအနေပိုဆိုးစေနိုင်သည့်အတွက် ခြေထောက်အလှပြုပြင်ခြင်းကိုမလုပ်ဆောင်သင့်ဘဲ တတ်ကျွမ်းနားလည့်ဆရာဝန်နှင့်ပညာရှင်ထံ ပြသတိုင်ပင်ကုသမှုခံယူသင့်သည်။

(2) ခြေထောက်ခြေသည်းမပြုပြင်မီ တစ်ရက်နှစ်ရက်အလိုတွင် ခြေသလုံးအမွှေးရိတ်ခြင်းကို ရှောင်ကြဉ် သင့်သည်။ အမွှေးရိတ်ခြင်းက အရေပြားတွင်သေးငယ်သော အကွဲကြောင်းများဖြစ်စေပြီး ရောဂါပိုး ဝင်ရောက်လွယ်စေသည်။ ခြေထောက် အလှပြုပြင်ပြီးနောက်တွင်မှ အမွှေးရိတ်ခြင်းကို လုပ်ဆောင်သင့်သည်။

(3) သပ်ရပ်သန့်ရှင်း၍ နာမည်ကောင်းရှိသောအလှပြင်ဆိုင်တွင်သာ ခြေထောက်ပြုပြင်ခြင်း လုပ်ဆောင်သင့်သည်။ သွေးချိုရောဂါ ရှိကြောင်းအသိပေး၍ အလှပြင်ဆိုင်ရှိပစ္စည်းများအား မည်သို့မည်ပုံပိုးသတ်ခြင်း (Sterilization) လုပ်ဆောင်ကြောင်းမေးမြန်းစုံစမ်းသင့်သည်။ အလှပြင်ဆိုင်များအနေဖြင့်လည်း ခြေဆေးကန်၊ ခြေဆေးဇလုံများကို ဧည့်သည်တစ်ယောက်ပြီးတိုင်း သန့်စင်ပိုးသတ်သင့်ပြီး ခြေသည်းညှပ်နှင့် အခြားပစ္စည်းများကိုလည်း ခွဲစိတ်ခန်းသုံး ပိုးသတ်ပေးသောပေါင်းစက် (Surgical Autoclave) (သို့မဟုတ်) ပိုးသန့်စင်ဆေးရည် (Disinfecting Solution) တစ်မျိုးမျိုးကိုအသုံးပြု၍ ပိုးသတ်ခြင်း၊ ဆေးကြောခြင်းလုပ်ဆောင်သင့်သည်။

(4) ပိုမိုကောင်းမွန်သည့်နည်းလမ်းမှာ မိမိကိုယ်ပိုင်ခြေသည်းပြုပြင်ပစ္စည်းများဝယ်ယူထားကာ အလှပြင်ဆိုင်သို့ ယူဆောင်သွားခြင်းပင်ဖြစ်သည်။ ခြေသည်းပြုပြင်သည့်အလှကုန်များ အတူတူသုံးစွဲခြင်းဖြင့် ရောဂါကူးစက်နိုင်သည်ဟု မဆိုသာသော်လည်း ကိုယ်ပိုင်ထားပြီး ယူသွားနိုင်လျှင်ပို၍စိတ်ချရပါသည်။

(5) နေ့တစ်နေ့၏ပထမဆုံးဧည့်သည်စာရင်းတွင်ပါဝင်နိုင်ရန်အတွက် အလှပြင်ဆိုင်နှင့်ကြိုတင်ချိန်းဆိုမှုကို မနက်ပိုင်းစောစောတွင် ဝန်ဆောင်မှုခံယူရန် လုပ်ဆောင်သင့်သည်။

(6) မိမိခြေထောက်ပြုပြင်ပေးမည့်သူအား သွေးချိုရောဂါရှိကြောင်းအသိပေး၍ အလွန်ညင်သာစွာ ကိုင်တွယ်ရန်နှင့် အရေပြားထိခိုက်ပွန်းပဲ့နိုင်သည့် အရာမှန်သမျှ ရှောင်ကြဉ်ပေးရန်ကြိုတင်တောင်းဆို ထားသင့်သည်။

(7) ခြေထောက်ပြုပြင်ပေးမည့်သူအား ခြေသည်းညှပ်ရာတွင် ခြေစွယ်ငုပ်ခြင်းကိုကာကွယ်ရန်အ တွက် ခြေသည်း မတိုလွန်းစေရန်နှင့် ခြေသည်းတွင်အချွန်အတက်များမကျန်ရစ်စေဘဲ ဂရုစိုက်ပြုပြင်ပေးရန် သတိပေးပြောကြားသင့်သည်။

(8) အရေပြားထိခိုက်ဒဏ်ရာရစေနိုင်သော လုပ်ဆောင်မှုမျိုးကိုရှောင်ကြဉ်သင့်ပြီး ခြေသည်းပန်းကုံး အရေပြားကို မညှပ်ခိုင်းသင့်ဘဲ ခြေထောက်ဆေးပြီးမိနစ်အနည်းငယ်ကြာ အရေပြားနူးနေချိန် တွင်မှ ခြေသည်းသန့်စင်သည့် တုတ်ချောင်းငယ် (Orange Stick)နှင့် ညင်သာစွာ ကလော်ထုတ်ပေးသင့်သည်။ ခြေသည်းအောက်နှင့်အရေပြားကို ချွန်ထက်သောပစ္စည်းများကို မလုပ်ဆောင်ရန်သတိပြုရမည်။

(9) ခြေထောက်တွင်အသားမာတက်နေသောနေရာများနှင့် ကြမ်းနေသောနေရာများရှိပါက ချေးတွန်းကျောက် (သို့မဟုတ်) အခြားချေးချွတ်ပစ္စည်းများကို အသုံးပြုနိုင်သော်လည်း လုပ်ဆောင်ပေးသူမှ အလွန်ညင်သာစွာကိုင်တွယ်လုပ်ဆောင်ရန်လိုအပ်ပါသည်။ ကြမ်းတမ်းစွာပွတ်တိုက်ပါက အရေပြားတွင်အလွန်သေးငယ်သော ပွန်းရာများဖြစ်ပြီး ရောဂါပိုးဝင်လွယ်မည်ဖြစ်သည်။

 

          ခြေထောက်နှင့်ခြေသည်းအလှပြုပြင်ပြီးနောက်တွင် မိမိခြေထောက်ကိုဂရုစိုက်နေရန် လိုအပ်ပြီး ခြေထောက်နီရဲလာခြင်း (သို့မဟုတ်) ရောဂါပိုးဝင်သည့်လက္ခဏာတစ်ခုခုရှိလျှင် ဆရာဝန်နှင့်ချက်ချင်းပြသသင့်သည်။

 

Dr. Thanda Lin

www.drmyanmar.com