/
node/4143

ကလေးနို့တိုက်နေစဉ် လေ့ကျင့်ခန်းလုပ်သင့်ပါသလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကလေးနို့တိုက်နေစဉ်မှာ ပတ်ဝန်းကျင်ကအကြံအမျိုးမျိုးပေးတတ်ကြပါတယ်။ ကလေးနို့တိုက်နေချိန် မှာ လေ့ကျင့်ခန်းလုပ်တာက နို့ထွက်နှုန်းကိုလျော့ကျစေနိုင်တယ်လို့ တစ်စုံတစ်ယောက်ကသင့်ကိုအကြံပေး ခဲ့လျှင် သင်အားကစားလုပ်ဖို့ တွေဝေသွားနိုင်ပါတယ်။ အမှန်တကယ်မှာတော့ အလယ်အလတ်လေ့ကျင့်ခန်း လုပ်ခြင်းဟာ နို့ထွက်နှုန်းရော၊ နို့မှာပါဝင်တဲ့အာဟာရဓာတ်တွေကို လုံးဝထိခိုက်ခြင်းမရှိပါဘူး။

        ယေဘူယျအားဖြင့် ရိုးရိုးမွေးသူဆိုရင် မွေးပြီး 6 ပတ်မှ 8 ပတ် နောက်ပိုင်း၊ ခွဲမွေးသူဆိုရင် 6 လ နောက်ပိုင်း လေ့ကျင့်ခန်းအပျော့စားလေးတွေ (ဥပမာ-လမ်းလျှောက်လေ့ကျင့်ခန်း) စလုပ်လို့ရပါတယ်။ ဒါပေမယ့် လူတစ်ယောက်ချင်းစီရဲ့ ခံနိုင်ရည်စွမ်းအားမတူတဲ့အတွက် ဆရာ၀န်နဲ့အရင်တိုင်ပင်ပြီးတော့မှသာ လုပ်ဆောင်သင့် ပါတယ်။

        လေ့ကျင့်ခန်းလုပ်တာနဲ့ ကလေးနို့တိုက်တာနှစ်ခုလုံးဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့လုပ်ဆောင်မှုအတွဲပါပဲ။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီးတော့ သတိပြုရမယ့်အချက်တွေ၊ သိထားသင့်တဲ့အချက်တွေတော့ ရှိပါသေးတယ်။

 

ကလေးနို့တိုက်စဉ် လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကဘာလဲ။

        ကိုယ်ဝန်ဆောင်ပြီးနောက်မှာ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်နဲ့အချိုးအစားအပေါ် အများကြီးအကျိုးသက်ရောက်မှုရှိတဲ့အပြင် အောက်ပါအကျိုးကျေးဇူးများစွာကိုလည်းရရှိနိုင်ပါတယ်။

-  မီးတွင်းမီးနေသည်စိတ်ဓာတ်ကျခြင်း (Postpartum Depression) ဖြစ်နိုင်ခြေကိုလျော့ကျစေဖို့ကူညီပေးပါတယ်။

-  စိတ်ဖိစီးမှုများလျော့နည်းစေပါတယ်။

-  အခြေအနေနဲ့လိုက်လျောညီထွေခံနိုင်ရည်ပိုရှိလာစေပါတယ်။

-  နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

-  နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။

        ရင်သွေးငယ်အသက်ပထမ 6 လ မှာ မိခင်နို့ရည်တစ်မျိုးတည်းတိုက်ကျေွးဖို့ အမေရိကန်ကလေးကျန်းမာရေး အဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။ မိခင်နို့ရည်တစ်မျိုးတည်းတိုက်ကျေွးရာမှာ ရေတောင်တိုက်လို့မရပါဘူး။ အနည်းဆုံးကလေးအသက်တစ်နှစ် (ပုံမှန်ဆို 2 နှစ်၊ သို့သော် 2 နှစ်အထက်ထိလည်းတိုက်ကျေွးနိုင်) အထိမိခင်နို့တိုက်ကျေွးရန်အကြံပြုထားပြီး မိခင်နဲ့ကလေးဆန္ဒရှိသရွေ့အချိန်ထိ မိခင်နို့တိုက်ကျေွးလို့ရပါတယ်။

        ကလေးနို့တိုက်နေစဉ်မှာလေ့ကျင့်ခန်းလုပ်တာဟာ အန္တရာယ်ရှိနိုင်လားဆိုတာနဲ့ပတ်သက်လျှင်တော့ နို့တိုက်ခြင်း ဟာ ကလေးမွေးဖွားပြီးလေ့ကျင့်ခန်းလုပ်ခြင်းအတွက် အဟန့်အတားတစ်ခုတော့ဖြစ်လေ့မရှိပါဘူး။ မိမိဆရာဝန်က မိမိဟာကျန်းမာရေးကောင်းမွန်တယ်၊ မီးဖွားပြီးလေ့ကျင့်ခန်းလုပ်နိုင်တယ်လို့ အသိအမှတ်ပြုထားလျှင် လုပ်ဆောင်နိုင်ပါတယ်။  အမျိုးသမီးကျန်းမာရေးဂျာနယ်မှာဖော်ပြထားချက်အရ လေ့ကျင့်ခန်းလုပ်ခြင်းဟာ မိခင်နို့ထွက်နှုန်း၊ လက်တစ်အက်ဆစ်ဓာတ်ပမာဏ၊ ကလေးနို့စို့နိုင်စွမ်းနဲ့ ကလေးဖွံ့ထွားကိုယ်အလေးချိန်တိုးမှုအပေါ် ဆိုးကျိုးသက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။

 

ကလေးနို့တိုက်နေစဉ်မှာ အန္တရာယ်ကင်းကင်းနဲ့ လေ့ကျင့်ခန်းလုပ်ဆောင်နိုင်ဖို့အတွက် အောက်ပါ အကြံပြုချက်များကိုလုပ်ဆောင်ပါ။

-  အာဟာရပြည့်ဝတဲ့အစားအစာများကိုအချိန်မှန်မှန်စားသောက်ပါ။

-  ကလေးနို့တိုက်နေတဲ့မိခင်များမှာ နို့တိုက်ခြင်းကနေ့စဉ်ကယ်လိုရီစွမ်းအင်ဓာတ် 500 ခန့် လောင်ကျွမ်း ကုန်ဆုံးစေတာကြောင့် လိုအပ်ချက်ပြည့်မီဖို့ အာဟာရပြည့်ဝစွာစားသောက်ဖို့ လွန်စွာအရေးကြီးပါတယ်။ ကလေးနို့တိုက်တာနဲ့ တစ်ပတ်ကိုကိုယ်အလေးချိန် တစ်ပေါင် (သို့မဟုတ်) ပေါင်ဝက် လျော့ကျစေနိုင်ပါတယ်။ ဒီထက်ပိုလျော့ကျနေလျှင်တော့ အစာပိုစားဖို့လိုအပ်ပြီဖြစ်ပါတယ်။

-  အာဟာရပြည့်ဝစွာစားသုံးတဲ့အပြင် နို့ထွက်ကောင်းမွန်စေနိုင်တဲ့ အစားအသောက်တွေဖြစ်တဲ့ ကွေကာအုတ်၊ စမုန်စပါး၊ အုန်းဆီလိုအဆီမျိုး၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ ဘီယာချက်ရာနဲ့ မုန့်ဖုတ်ရာမှာအသုံးပြုတဲ့ တစေးမှို စတာတွေကိုလည်းထပ်ဖြည့်စားသောက်သင့်ပါတယ်။

-  နံနက်ခင်းမှာ နို့ထွက်ကောင်းမွန်စေတဲ့အစားအသောက်များ ရောစပ်ပါဝင်ထားတဲ့ ဖျော်ရည်ကို လုပ်ဆောင်သောက်သုံးခြင်းဖြင့် မိခင်ရောကလေးပါအဆင်ပြေစေပါလိမ့်မယ်။

        နောက်အရေးကြီးတဲ့အချက်တစ်ခုကတော့ မိခင်နို့တိုက်ကျေွးခိျန်မှာ ရေဘယ်လောက်သောက် သုံးသင့်လဲ ဆိုတာပဲဖြစ်ပါတယ်။ နို့ထွက်နည်းတာဟာ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ ရေအများကြီးသောက်ဖို့ လိုပြီးတော့ အထူးသဖြင့် ချေွးထွက်များနေချိန်တွေမှာပါ။ ရေဓာတ်ခန်းခြောက်နေတယ်လို့ ခံစားမိနေတယ်ဆိုလျှင် အုန်းရည် (သို့မဟုတ်) ဓာတ်ဆားဖြည့်အချိုရည်များကိုလည်း သောက်သုံးနိုင်ပါတယ်။ လေ့ကျင့်ခန်း မလုပ်မီတစ်နာရီအလိုမှာ ရေတစ်ပုလင်းခန့် ကြိုသောက်သုံး ထားသင့်ပြီး လေ့ကျင့်ခန်းလုပ်ဆောင်နေစဉ် အတွင်း နောက်ထပ် တစ်ပုလင်းထပ်မံသောက်သုံးသင့်ပါတယ်။ ကလေးနို့တိုက်နေစဉ်လုပ်ဆောင်နိုင် တဲ့ လေ့ကျင့်ခန်းအမျိုးအစား များနဲ့ပတ်သက်လျှင်တော့ လေ့ကျင့်ခန်းများ ကို ဖြည်းဖြည်းချင်းလုပ်ဆောင်သွားရန် အရေးကြီးပြီး ပိုပြင်းထန်တဲ့လေ့ကျင့်ခန်းများကိုတော့ နောက်ပိုင်း မှ ပြန်လည်လုပ်ဆောင်သင့်ပါတယ်။ လမ်းလျှောက်ခြင်းနဲ့ အခြားကိုယ်လက်လှုပ်ရှားမှုများဖြစ်တဲ့ ထိုင်ထလုပ်ခြင်း၊ ဒိုက်ထိုးခြင်း စသည်တို့ကို စတင်လုပ်ဆောင်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များနဲ့ မီးဖွားပြီးစအမျိုးသမီးများမှာ ထိခိုက်ဒဏ်ရာပိုမို ရလွယ်တာကြောင့် ပြင်းထန်တဲ့လေ့ကျင့်ခန်းများအစား ကိုယ်ခန္ဓာအဓိကကြွက်သားများ ပြန်လည်သန်စွမ်းစေဖို့ ပထမဦးစားပေးလုပ်ဆောင်သင့်ပါတယ်။

        အဓိကအချက်တွေကတော့ ကလေးနို့တိုက်နေစဉ်မှာလေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ကလေးနဲ့မိခင်အတွက် ကောင်းကျိုးများစွာလည်းရရှိနိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ဖို့၊ ရေအများကြီးသောက်ဖို့တော့လိုပါလိမ့်မယ်။  လေ့ကျင့်ခန်း လုပ်ဆောင်နိုင်တယ် ဆိုပေမယ့် လေ့ကျင့်ခန်းမလုပ်မီ မိမိဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဆွေးနွေးဖို့တော့ အရေးကြီးပါတယ်။

 

Dr. Thanda Lin

 www.drmyanmar.com