/
node/4363

အသားအရည်အတွက် အကောင်းဆုံးအစားအစာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကျွနု်ပ်တို့ရဲ့အသားအရေက ကျွနု်ပ်တို့ဘာတွေစားနေလဲဆိုတာအပေါ် အများကြီးမူတည်ပါတယ်။ အရေပြားဆရာဝန်တွေ ညွှန်ကြားထားတဲ့ ကျန်းမာပြီးသန့်စင်တဲ့အသားအရေအတွက်စားသုံးသင့်တာတွေ ကို လေ့လာကြည့်ကြပါစို့။

ခရမ်းချဉ်သီး

        အသားအရေအတွက် ခုခံမှုအားအကောင်းဆုံးဖြစ်တဲ့ ခရမ်းချဉ်သီးမှာ lycopene ဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။ ဒီဓာတ်က အရေပြားကို နေလောင်ဒဏ်တွေကနေကာကွယ်ပေးပါတယ်။ ချက်ပြုတ်ထားသော၊ အသင့်စားသုံးနိုင်အောင်ပြုပြင်ထားသော lycopene ကို ခန္ဓာကိုယ်က ကောင်းစွာစုပ်ယူနိုင်ပါ တယ်။ ဒါကြောင့် အသားအရည်ကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေကာကွယ်ဖို့အတွက် ခရမ်းချဉ်သီးဆော့စ်၊ ခရမ်းချဉ်သီးအနှစ်၊ ခရမ်းချည်သီး-မှို-ဖြင့်ပြုလုပ်သော အချည်ရည်တို့ကိုစားသုံးခြင်းက ခရမ်းချဉ်သီးအစိမ်းစားခြင်းထက် ပိုပြီးအကျိုးရှိစေပါတယ်။ lycopene က အဆီမှာပျော်ဝင်တဲ့အတွက် ဥ၊ ထောပတ်သီး၊ သံလွင်ဆီ စတဲ့အဆီတွေနဲ့ တွဲဖက်စားသုံးခြင်းဖြင့် စုပ်ယူမှုကိုပိုလွယ်ကူစေပါတယ်။

အနီရောင်ရှိသောအသားများ

        ဒီအသားတွေမှာပါဝင်တဲ့ ပြည့်ဝဆီနဲ့ ကိုလက်စရောတွေကြောင့် ဆိုးကျိုးတွေရှိသော်လည်း အသားချည်းသက်သက် ပါဝင်တာတွေကတော့ အသားဓာတ်နဲ့ သွပ်ဓာတ်တွေပါဝင်တာကြောင့် အသားအရည်အတွက်ကောင်းမွန်ပါတယ်။ လေ့လာမှုတစ်ခုအရ ဝက်ခြံကုသတဲ့နေရာမှာ အနီရောင်အသားတွေက ပိုးသတ်ဆေးတွေထက်ပိုပြီးကောင်းမွန်တယ်လို့ တွေ့ရှိရပါတယ်။

        Collagen ထုတ်လုပ်နိုင်ဖို့အတွက် အရေပြားက amino acids, glycine နဲ့ poline တွေလိုအပ်ပါတယ်။ ဒါတွေကို အနီရောင်အသားတွေမှာ ကြွယ်ဝစွာတွေ့နိုင်ပါတယ်။ သွပ်ဓာတ်ကလည်း collagen ထုတ်ဖို့အတွက် အရေးပါပါတယ်။ သွပ်ဓာတ်အလုံအလောက်မရှိရင် အရေပြားက collagen မထုတ်နိုင်ပါဘူး။ ဒါ့အပြင် သွပ်ဓာတ်က အရောင်ကျစေပါတယ်။ glycine ကို ပင်လယ်စာများ၊ proline ကို ဝက်သား၊ ဒိန်ခဲနှင့် ဂေါ်ဖီထုပ်၊ သွပ်ဓာတ်ကို ပဲနီလေး၊ ခရုကမာကောင်အစိမ်းတွေမှာ ပေါကြွယ်ဝစွာတွေ့နိုင်ပါတယ်။

လက်ဖက်စိမ်း

        လက်ဖက်စိမ်းကတော့ အင်တီအောက်ဆီးဒင့်တွေနဲ့ စုစည်းထားပါတယ်။ သူ့မှာပါဝင်တဲ့ catechin ဓာတ်ပေါင်းကြောင့် အရောင်ကျစေခြင်း၊ အိုမင်းမှုကိုကာကွယ်နိုင်ခြင်း စတဲ့အကျိုးအာနိသင်တွေရှိပါ တယ်။ နေလောင်ဒဏ်ရာတွေနဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်တဲ့ အရေပြားကင်ဆာတွေကို ကာကွယ်ဖို့အတွက် လက်ဖက်စိမ်းကိုသောက်လည်းသောက်နိုင်၊ လိမ်းလည်းလိမ်းနိုင်ပါတယ်။ လက်ဖက်စိမ်း တစ်နေ့တစ်ခွက် နှစ်ကြိမ် 6 လကြော်သောက်ခြင်းဖြင့် နေလောင်ဒဏ်တွေ၊ အသားအရည်နီမြန်းခြင်းတွေကို ပျောက်ကင်းစေပါတယ်။

အစိမ်းရောင်ရှိသောပဲများ

        ဒီပဲတွေမှာ ကယ်လိုရီနည်းပြီးတော့ ဆံပင်ထူခြင်း၊ လက်သည်းခြေသည်း ကျန်းမာစေခြင်း စတဲ့အကျိုးကျေးဇူးတွေရှိပါတယ်။ silicon ပေါကြွယ်ဝစွာပါဝင်တဲ့အတွက် မျက်နှာအတွက်ကောင်းမွန်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ (ရင်သားကြီးအောင်ထည့်တဲ့ silicone နဲ့မတူပါဘူး)။ သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ ပဲသီးတွေမှာ မြေကြီးကနေ silicon ပိုရတဲ့အတွက် ဒါတွေကိုစားသုံးသင့်ပါတယ်။ အစိမ်းရောင်ပဲသီးတွေ မကြိုက်ရင်တော့ သတၳုအားဖြည့်ဖျော်ရည်ဖြစ်တဲ့ Volvic ကိုသောက်လို့ရပါတယ် (တစ်လီတာမှာ silicon 14.5 mg ပါဝင်ပါတယ်။)

သစ်ကြားသီး

        သစ်ကြားသီးတွေမှာ omega-3 fatty acid ကြွယ်ဝစွာပါဝင်ပါတယ်။ အသားအရည်နီမြန်းခြင်း၊ ရောင်ရမ်းခြင်း၊ ဝက်ခြံများပေါက်ခြင်း၊ အသားအရေတွန့်ခြင်းတွေ ကြုံတွေ့နေရရင်တော့ သစ်ကြားသီးကအကောင်းဆုံးအဖော်မွန်ပါ။ သစ်ကြားသီးမှာပါဝင်တဲ့ omega-3 က သဘာဝအတိုင်း အရောင်ကျစေတဲ့အစွမ်းသတ္တိရှိပြီးတော့ အသားအရေစိုစွတ်မှုကို ထိန်းသိမ်းပေးတဲ့အပြင် ဓာတုပစ္စည်းတွေ၊ အဆိပ်အတောက်တွေကနေလည်း ကာကွယ်ပေးပါတယ်။ omega-3 မှာပါဝင်တဲ့ alpha-linolenic acid က အရေးအကြောင်းတွေကိုဖြစ်စေတဲ့ အသားအရေခြောက်သွေ့ခြင်းမဖြစ်စေပါဘူး။ သစ်ကြားသီးသာမက အယ်မွန်၊ သံလွင်ဆီတွေ စားသုံးခြင်းဖြင့်လည်း အပင်ကရရှိတဲ့ omega-3 ဓာတ်ကို များစွာရရှိစေပါတယ်။

ဒိန်ချဉ်

        ဒိန်ချဉ်က အကောင်းဆုံးဖျော်ရည်တစ်မျိုးဖြစ်တဲ့အပြင် ခန္ဓာကိုယ်အတွင်းရှိကောင်းမွန်တဲ့ ဘက်တီးရီးယား ပိုးတွေကိုပွားများစေပြီး တဆေးတွေကိုလည်းထိန်းသိမ်းပေးထားပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေ အတွက် အသုံးဝင်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်က ဝက်ခြံ၊ နှင်းခူ၊ ဗောက်တို့အတွက် အလွန်အစွမ်းထက်ပါတယ်။ သကြားဓာတ်က ရောင်ရမ်းစေတဲ့အတွက် သကြားပါဝင်မှုနဲ့ အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ်တွေကိုရွေးချယ်ဖို့တော့ အရေးကြီးပါတယ်။ ဝက်ခြံတွေက နို့ထွက်ပစ္စည်းတွေကြောင့်ဖြစ်တာဆိုရင်တော့ ဒိန်ချဉ်ကိုဖြတ်လိုက်ပြီး အခြားဖြည့်စွက်စာတစ်ခုခုကိုရွေးချယ်နို်င်ပါတယ်။

 

 

 

Dr. Mya Myo Myo Swe

www.drmyanmar.com