/
node/4477

ဗိုက်ပွတာသက်သာဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဝမ်းဗိုက်တင်းပြီး ဗိုက်ပွခြင်းက ရောဂါအရင်းခံတခုကြောင့်ဖြစ်နိုင်သလို နေ့စဉ်စားသောက်မှု ပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ယာယီဆိုပေမယ့် အတော်မသက်မသာဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတခုဖြစ်ပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း (5) ခုနှင့် ဗိုက်ပွ သက်သာအောင်ပြုလုပ်နိုင်ပါတယ်။

1. ဆားလျော့စားပါ

          ဟင်းပွဲတိုင်းအတွက် မပါမဖြစ်တဲ့ဆားဟာ လေပွစေတဲ့အကြောင်းရင်းတခုပါဘဲ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာအတွက် ဆားဟာမရှိမဖြစ်ဆိုပေမယ့် ဆားကိုအလွန်အကျွံစားခြင်းကြောင့် ခန္ဓာကိုယ်တွင်း၌ ရေများစုပုံလာပြီး ရေနှင့်ဓာတ်ဆားမညီမျှမှုကိုဖြစ်ပေါ်စေပြီး ဗိုက်ပွစေပါတယ်။

          ပြုပြင်ထားသော အစားအစာ၊ အသင့်စားအစားအစာများ၊ အေးခဲထားသောအစားအစာများ စတာတွေကိုအလွန်အကျွံ စားသုံးခြင်းက ဆားပမာဏတော်တော်များများစားသုံးမိနေပြီဆိုတဲ့ လက္ခဏာတရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ကာဗိုက်ဟိုက်ဒရိတ်ဓာတ်ရဲ့ ရေဆွဲနှုန်းဟာ ပရိုတင်းဓာတ် 3 ဆပိုတာကြောင့် ကာဗိုဟိုက်ဒရိတ်ကို လျော့စားနိုင်အောင်ကြိုးစားပါ။

2. ရေဓာတ်ပြည့်ဝအောင်နေပါ

          ရေဟာ ဆဲလ်အတွင်းမှာသိုလှောင်ထားတဲ့အရည်ကို အပြင်သို့ထွက်ရှိစေတာကြောင့် ဗိုက်ပွခြင်းကိုသက်သာစေပါတယ်။ ရေငတ်ခြင်းဟာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်အသင့်အတင့်ဆုံးရှုံးနေပြီဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။ ရေဟာ ခန္ဓာကိုယ်တွင်းရှိ ဖြစ်စဉ်တိုင်းအတွက် မရှိမဖြစ်လိုအပ်တာကြောင့် ရေဓာတ်ပြည့်ဝအောင်ဂရုစိုက်ပါ။ ဗိုက်ပွခြင်းကို သက်သာစေရန် တနေ့တာအတွက်လိုအပ်တဲ့ ရေပမာဏ ( အနည်းဆုံး 2 လီတာ) ပြည့်မီအောင်သောက်သုံးပါ။

3. ပီကေဝါးခြင်းကို ရှောင်ရှားပါ

          ပီကေဝါးခြင်းဖြင့် လေတွေပါရောပြီး မျိုချမိတာကြောင့်ဗိုက်ပွစေပါတယ်။

4. အမြုပ်တစီစီထနေတဲ့ ဖျော်ရည်လျော့သောက်ပါ

          သေးငယ်တဲ့အမြုပ်လေးတွေက အစာအိမ်နှင့်အူလမ်းကြောင်းတလျှောက်မှာ နေရာယူထားပြီး ဓာတ်ငွေ့တွေကို ဖြစ်ပေါ်စေတာကြောင့် ဗိုက်ပွခြင်းကိုခံစားနေရပါက ဆိုဒါပါဝင်တဲ့ အစားအစာအားလုံးကိုဖြတ်တောက်သင့်ပါတယ်။

5. သကြားတုကိုရှောင်ရှားပါ

          ပီကေ၊ သကြားလုံး၊ အချိုရည် စတာတွေမှာပါဝင်တဲ့ သကြားအစားထိုး သကြားတုကြောင့်လည်း လေပွလေထခြင်း၊ ဗိုက်ကယ်ခြင်းအပါအဝင် အခြားသောပြင်းထန်တဲ့အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

          ခြွင်းချက်အနေဖြင့် Xylitol (ဇိုင်လီတော) သကြားအစားထိုးအချိုဖြင့်ပြုလုပ်ထားတဲ့ ပီကေ၊ သရေစာ စတာတွေကိုတော့ စားသုံးလို့ရပါတယ်။ Xylitol က သွေးတွင်းရှိသကြားဓာတ်ပေါ်တွင် သက်ရောက်မှုနည်းပြီး အင်ဆူလင်ပမာဏပေါ်မှာ လုံးဝသက်ရောက်မှုမရှိတာကြောင့် ကျန်းမာရေးနှင့်ညီညွတ်တဲ့ သကြားအစားထိုးအချိုလို့ဆိုရမှာပါ။

Dr.Htet Htet Aung

www.drmyanmar.com