/
node/4557

နှာခေါင်းသွေးလျှံခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နှာခေါင်းအတွင်းဘက်မှာရှိတဲ့ သွေးကြောမျှင်တွေပေါက်ထွက်တာကြောင့် နှာခေါင်းသွေးလျှံ တာဖြစ်လာရပါတယ်။ ၎င်းသွေးကြောတွေဟာ အရမ်းကိုထိခိုက်လွယ်ပြီး နှာခေါင်းအတွင်းပိုင်းမျက်နှာပြင်နဲ့ အလွန်နီးကပ်တာကြောင့် အလွယ်တကူ ဒဏ်ရာရနိုင်တာဖြစ်ပါတယ်။

          အဓိကအကြောင်းအရင်းတွေကတော့ -

- နှာခေါင်းကိုကလိခြင်း

- နှာခေါင်းအတွင်းသို့ တစ်စုံတစ်ရာထည့်ခြင်း

- အအေးမိခြင်း (သို့) ဓာတ်မတည့်ခြင်း၊ အထူးသဖြင့် နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ညှစ်ခြင်း

- ပူ၍ခြောက်သွေ့သောအခန်းတွင်းလေကြောင့် (အထူးသဖြင့် ဆောင်းတွင်း) နှာခေါင်းအတွင်းမှ ကွဲအက်၍ ယားယံခြင်းတို့ဖြစ်ပါတယ်။

          ဖြစ်တောင့်ဖြစ်ခဲအနေနဲ့ ပြင်ပမှ နှာခေါင်း၊ မျက်နှာ (သို့) ဦးခေါင်းတို့ကို ထိခိုက်မိခြင်းကြောင့်လည်း နှာခေါင်းသွေးထွက်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ ဆရာဝန်ထံချက်ချင်းသွားသင့်ပါတယ်။

          အချို့နှာခေါင်းသွေးထွက်ခြင်းတွေဟာ သွေးခဲဖြစ်စဉ်နဲ့ ဆက်စပ်မှုရှိနိုင်ပေမယ့်လည်း ရှားပါးပါတယ်။

 

နှာခေါင်းသွေးထွက်ပါက လုပ်ဆောင်သင့်သည်များ

        ထိခိုက်ဒဏ်ရာရတာကြောင့် နှာခေါင်းသွေးထွက်ပါက ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။ ဒါပေမယ့် နှာခေါင်းသွေးလျှံရင် ဘာစလုပ်သင့်သလဲဆိုတာတော့သိသင့်ပါတယ်။

- မလှဲချပါနှင့်။ ထိုင်နေပါ (သို့) မတ်တပ်ရပ်နေပါ။

- တစ်ရှူး (သို့) စိုထိုင်းနေတဲ့ လက်ကိုင်ပုဝါကို အသုံးပြုပြီး သွေးတိတ်အောင်လုပ်ပါ။

- ခေါင်းကိုရှေ့သို့ကိုင်းထားပါ။ (ခေါင်းကိုမော့မထားပါနှင့်။ ခေါင်းမော့ထားပါက သွေးတွေဟာ လည်ချောင်းတစ်လျှောက် စီးဆင်းသွားနိုင်ပါတယ်။)

- နှာခေါင်းရဲ့ နူးညံ့တဲ့အစိတ်အပိုင်း (နှာခေါင်းရိုးအောက်ခြေ) ကိုညှစ်ထားပြီးနောက် ပါးစပ်ဖြင့်အသက်ရှူပါ။ 10 မိနစ်ခန့် ဆက်တိုက်ပြုလုပ်ပါ။

          အကယ်၍ ဖိထားပြီး 10 မိနစ်ကျော်သည်အထိ မသက်သာပါက နောက်ထပ် 10 မိနစ်ထပ်ဖိထားပါ။ ထိုအချိန်ထိ သွေးထွက်နေသေးပါက ဆရာဝန်ထံချက်ချင်းသွားသင့်ပါတယ်။

          နှာခေါင်းကို ပွတ်ခြင်း၊ ဆွခြင်း (သို့) နှာညှစ်ခြင်းများ မပြုလုပ်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် နှာခေါင်းမှ သွေးယိုစီးမှုပိုမိုဖြစ်နိုင်တာကြောင့်ပဲဖြစ်ပါတယ်။

          ဆရာဝန် (သို့) အရေးပေါ်ဌာနသို့ သွားရောက်သင့်တဲ့အခြားအကြောင်းအရင်းတွေကတော့ -

- မူးဝေခြင်း၊ အားနည်းခြင်း (သို့) မူးလဲခြင်း

- သွေးထွက်များခြင်း (သို့) သွေးထွက်လွန်ခြင်း

- ဆေးအသစ်တစ်မျိုးစတင်သောက်သုံးနေခြင်း

- အခြားရောဂါလက္ခဏာများဖြစ်သော ခန္ဓာကိုယ်တွင်ပုံမှန်မဟုတ်တဲ့ အညိုကွက်များဖြစ်ပေါ်ခြင်း

- အခြားနေရာများမှ သွေးထွက်ခြင်း (ဥပမာ - သွားဖုံး)

 

နှာခေါင်းသွေးလျှံခြင်းကို လျော့နည်းစေနိုင်သောနည်းလမ်းများ

        နှာခေါင်းသွေးထွက်ခြင်းကို သက်သာစေလိုပါက နှာခေါင်းကိုဆွခြင်း (သို့) နှာခေါင်းတွင်းသို့ တစုံတရာထည့်ခြင်း စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ထို့ပြင် ပြင်းထန်စွာနှာညှစ်ခြင်းကို မပြုလုပ်သင့်ရုံမျှမက ဓာတ်မတည့်မှုတွေရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

          နှာခေါင်းတွင်းမှာ ခြောက်သွေ့ပြီးယားယံပါက ဖယ်ရှားဖို့မကြိုးစားမီ နှာခေါင်းကို စိုစွတ်ရန် အောက်ပါနည်းလမ်းများကို အသုံးပြုသင့်ပါတယ်။

- နှာခေါင်းဖျန်းဆေး၊ အရည် (သို့) ဂျယ်လ်တို့ကို တစ်နေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ အသုံးပြုနိုင်ပါတယ်။

- ပိုးသတ်ဆေးရည်ကို ဝါဂွမ်းထိပ်တွင် အနည်းငယ်စွတ်၍ နှာခေါင်းတွင်းသို့ထည့်ပါ။

- လက်ချောင်းထိပ်ကိုအသုံးပြု၍ ဝါဂွမ်းများကိုသာ နှာခေါင်းအလယ်တည့်တည့်ရောက်အောင် ထည့်ပေးပါ။

- အိပ်ခန်းအတွင်း ရေငွေ့ဓာတ်ထားပေးပါ။ ရေနွေးငွေ့စက်ဟာ ရေမှုန်ရေမွှားများ ပက်ဖြန်းပေးခြင်းဖြင့် လေခြောက်သွေ့မှုကို ကာကွယ်ပေးပါတယ်။ တစ်ဖန်စိုစွတ်နေသောလေသည် နှာခေါင်းအတွင်းကို အလွန်အမင်းမခြောက်သွေ့စေနိုင်ပေ။

 

Dr. Thinzar Wynn

www.drmyanmar.com