/
node/4571

လျှာတွင်ရှိသော အရသာခံဖုများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လျှာပေါ်မှာရှိတဲ့ အရသာခံဖုတွေကြောင့် မုန့်ကြွပ်ရဲ့အငန်အရသာကိုသိနိုင်သလို ရေခဲမုန့်ရဲ့အချိုအရသာ ကိုလည်း ခံစားနိုင်တာဖြစ်ပါတယ်။

          အရသာခံဖုတွေဟာ ထိမှု၊ သိမှုတွေကိုခံစားနိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ချို၊ ချဉ်၊ ဖန်၊ ငံ စတဲ့အရသာတွေကို ကောင်းစွာခွဲခြားပေးနိုင်ပါတယ်။

          လျှာကိုသေချာစွာကြည့်ပါက အဖုသေးသေးလေးတွေမြင်ရပါလိမ့်မယ်။ ၎င်းတို့ကို papillae လို့ခေါ်ပြီး အများစုမှာ အရသာခံဖုတွေပါဝင်ကြပါတယ်။ အရသာခံဖုတွေမှာ မွှေးညှင်းသေးသေးလေးတွေပါဝင်ပြီး ၎င်းအမွှေးတွေမှတဆင့် ဦးနှောက်သို့ အရသာနဲ့ဆိုင်တဲ့သတင်းအချက်အလက်တွေပေးပို့ပါတယ်။

          ပုံမှန်လူတစ်ဦးမှာ အရသာခံဖုပေါင်း 10,000 ခန့်ရှိပြီး နှစ်ပတ်တစ်ကြိမ်အသစ်လဲလှယ်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ ပျက်စီးသွားတဲ့အရာသာခံဖုတွေနေရာမှာ အသစ်တွေ အစားမထိုးနိုင်တော့တာကြောင့် သက်ကြီးရွယ်အိုတွေမှာ အလုပ်လုပ်တဲ့အရသာခံဖုတွေ 5,000 ခန့်သာ ကျန်ပါတော့တယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာလည်း အရသာခံဖုအရေအတွက်တွေကို လျော့နည်းစေနိုင်ပါတယ်။

          အရသာခံစားမှုအတွက် အရသာခံဖုတွေသာမက နှာခေါင်းကပါ ဝင်ရောက် အလုပ်လုပ် ပါတယ်။ နှာခေါင်းရဲ့အပေါ်ဆုံးအပိုင်းမှာရှိတဲ့ အနံ့လက်ခံတဲ့နေရာမှာ အထူးစပယ်ရှယ်ဆဲလ်တွေရှိပြီး အနံ့နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ဦးနှောက်သို့ပို့ဆောင်ပေးပါတယ်။

          အစာတစ်ခုခုကိုဝါးနေတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ဓာတုပစ္စည်းတွေဟာ နှာခေါင်းဆီသို့ ချက်ချင်းရောက်သွားပါတယ်။ ၎င်းဓာတုပစ္စည်းတွေဟာ နှာခေါင်းတွင်းမှာရှိတဲ့ အနံ့ခံနေရာကိုလှု့ံဆော်ပါတယ်။ ဤနည်းအားဖြင့် အရသာခံဖုတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ပြီးတော့ အစားအစာတွေရဲ့အရသာ အမှန်ကို ပေးစွမ်းပါတယ်။

          အအေးမိနှာစေး၍ နှာခေါင်းပိတ်နေတဲ့အချိန်မှာဆိုရင် အစားအစာတွေဟာ အရင်ကလောက် အရသာမရှိတော့ဘူးဆိုတာ သတိထားမိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နှာခေါင်းရဲ့အပေါ်ပိုင်းဟာ အနံ့အာရုံကို လက်ခံမယ့်နေရာကိုလှုံ့ဆော်မယ့် ဓာတုပစ္စည်းတွေကို ကောင်းစွာ လက်မခံနိုင် တာကြောင့်ဖြစ်ပါတယ်။

          နောက်တစ်ခါအစာစားတဲ့အခါမှာ နှာခေါင်းကိုပိတ်ထားကြည့်ပါ။ အရသာခံဖုတွေကြောင့် အစားအစာတွေရဲ့ အရသာကို သိနိုင်ပေမယ့်လည်း နှာခေါင်းပိတ်ထားတာကို ဖွင့်လောက်တဲ့အချိန်မှာလောက် တိတိကျကျမပြောနိုင်တာကို တွေ့ရပါလိမ့်မယ်။

          ထို့ကြောင့် အစားအစာတွေကို အရသာရှိရှိစားသုံးခွင့်ရနေတဲ့အတွက် လျှာကိုသာမက နှာခေါင်းကို ပါ ကျေးဇူးတင်သင့်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com