/
node/4608

ကံကြမ္မာဆိုတာ မမြင်သာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လူနာကြည့်ကြရအောင်  ဆရာ့အသံအဆုံးမှာ Dr.K တို့ ဆရာဝန် အငယ်တွေနှင့် သူနာပြုဆရာမများ အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။

ထုံးစံအတိုင်း အရေးပေါ်ခန်းထဲကို အရင်ဝင်ခဲ့ကြရာ နှလုံးရောဂါသည် လူနာက အပြုံးရဲ့ရဲ့ဖြင့် လှမ်းနှုတ်ဆက်သည်။ လိုအပ်တာ စမ်းသပ် စစ်ဆေးပြီး ဒုတိယ ကုတင်ကို အရောက်မှာတော့ လူနာရှင် ဦးလေးကြီးက နွမ်းလျစွာ ပြုံးပြသည်။ ဒီ လူနာက ဒီနှစ် ဆယ်တန်းတက်မည့် ကလေး  ပြင်းထန်သော အဖျားနှင့် ရောက်လာပြီး ယခုထိ ရောဂါ ရှာမတွေ့နိုင်သေး။ အိမ်မှာ ဖျားခဲ့တာနှင့်ဆိုလျှင် စုစုပေါင်း တစ်လကျော်နေပြီ။ အဖျားကလဲ ၁၀၃-၁၀၄ ကမဆင်း ပိုးသတ်ဆေးပြင်းတွေ သုံးနေသော်လည်း မသက်သာဘဲ ဖြစ်နေသူ။

ရောဂါ ပြင်းထန်သော်လည်း လူနာရော လူနာစောင့်ပါ ပြဿနာမရှာတတ် ယဉ်ကျေးသူတွေ ဖြစ်တာကြောင့် ဆရာဝန် ဆရာမ အားလုံးက ချစ်ကြသည်။ လိုအပ်တာထက် ပိုဂရုစိုက်ကြသည်။

 

"ဆရာ . . . ကျွန်တော့သား အခြေအနေလေး" မဝံ့မရဲ မေးလိုက်သော လူနာစောင့်ကို ဆရာက ပြုံးပြလိုက်သည်။

"ကျွန်တော်တို့ စစ်ဆေးသလောက်မှာတော့ ရောဂါအရင်းအမြစ် ရှာမတွေ့သေးဘူး ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ကုသပေးနေပါတယ် "

လူနာစောင့်ကိုပြောရင်း Dr.K ဘက်လှည့်ပြီး "သမီး ဒီလူနာကို သွေးထပ်စစ်မယ် ဓာတ်ခွဲခန်းကို သမီးကိုယ်တိုင် လိုက်သွား စက်နဲ့စစ်တာ အပြင် ရောဂါဗေဒ ဆရာဝန်ကို ဆရာက ကြည့်ခိုင်းလို့ပါလို့ပြောလိုက် "  ဟုဆိုသည်။

သို့နှင့် သွေးပုလင်းကိုင်ပြီး Dr.K ဓာတ်ခွဲခန်း ဘက်ထွက်လာခဲ့သည်။ ပုံမှန်က စက်နဲ့သာ စစ်တာပေမယ့် ဆရာက မှာလိုက်လို့ပါ ဆိုတော့ အစ်မက သေချာကြည့်ပေးသည်။ သမီး ဒီမှာကြည့်စမ်း microscope ကိုကြည့်မိတော့ မကျွမ်းကျင်သည့် သူမသည်ပင် သွေးဖြူဥများ  ပုံမှန်မဟုတ်တာကို ကောင်းကောင်းသိနေသည်။

"ရောက်ခါစက စစ်တဲ့ သွေးမှာ ဒီလိုမဟုတ်ဘူး။ ဒီပုံစံမျိုးဟာ ပြင်းထန် သွေးကင်ဆာရဲ့ လက္ခဏာပဲ။ ရိုးတွင်းချဉ်ဆီကို ပြန်စစ်ဖို့လိုတယ်"

လူနာကလေး၏ မျက်နှာကို မြင်ယောင်ရင်း သူမ သက်ပြင်းချလိုက်မိသည်။ သွေးကင်ဆာသာဆို မျှော်လင့်ချက်တော်တော် နည်းသွားပြီလေ။

 

ဆရာ့ရှေ့မှာထိုင်နေသော ဦးလေးကြီးမျက်နှာက ညှိးနွမ်းနေသည်။

"ဆရာ ကျွန်တော့သားက ၁၀ တန်းတက်ရမှာဆိုတော့ မြန်မြန်နေကောင်းမှ ဖြစ်မယ် "

ဆရာ သက်ပြင်းတစ်ချက်ချတာ တွေ့လိုက်ရသည်။

"ခင်ဗျားသားရဲ့ ရောဂါက အသက်အန္တရာယ်က ပိုအရေးကြီးနေတယ်။ အခု သွေးပြန်စစ်ကြည့်တော့ သွေးကင်ဆာလို့ သံသယ ရှိတယ်။ ဒါကြောင့် ရိုးတွင်းချဉ်ဆီဖောက်ပြီး ထပ်စစ်ဆေးဖို့လိုတယ်။ လိုအပ်ရင် ရန်ကုန်သွားကုရမယ် "

ဆရာ့ စကားအဆုံးမှာတော့ ဦးလေးကြီး မျက်ရည်များ စီးကျလာသည်။

"ရန်ကုန်သွားကုလို့ရော ရောဂါပျောက်မှာလား ဆရာ။ ဆရာ အာမခံနိုင်လား"

ဆရာ ဆွ့ံအသွားသည်။

"ကျွန်တော့မှာ တရားရှိပါတယ်။ ဒါပေမယ့် ကျွန်တော့သားကို ဒီလို အသေမခံနိုင်ဘူး။ ကျွန်တော်သူ့ကို ရှင်ပြုပေးချင်တာ။အစက ၁၀တန်းပြီးမှ လုပ်မလို့။ အခုတော့ အချိန်မရှိတော့ဘူးလေ။

ကျွန်တော့်သားကို ဆေးရုံက ဆင်းခွင့်ပေးပါ ဆရာ။ ကျွန်တော်ရွာပြန်မယ် သားကိုရှင်ပြုပေးမယ်။ လိုအပ်တဲ့ ဆေးတွေသာ ပေးလိုက်ပါ ဆရာ။ ကျွန်တော် သူ့ကို ရှင်ပြုပြီးရင် ပြန်လာပြပါ့မယ် "

 

ဆရာ အမျိုးမျိုး စည်းရုံးပြောဆိုသော်လည်း ခေါင်းမာသော ဦးလေးကြီးက လက်မခံတော့ပေ။ နောက်ဆုံး စိတ်မကောင်းသော်လည်း လိုအပ်သော သောက်ဆေးများပေးပြီး လူနာကို ပေးဆင်းလိုက်ရသည်။

လိမ္မာယဉ်ကျေးသော ကလေးအတွက် သူမတို့ရင်ထဲမှာ စိတ်မကောင်းခြင်း များစွာဖြင့်သာ

 

"ဆရာမ ကျွန်တော့်ကို မှတ်မိလား"

လူများ ရှုပ်ထွေးနေသော ပြင်ပလူနာဋ္ဌာနမှာ နှုတ်ဆက်သံကြောင့် Dr.K မော့ကြည့်လိုက်သည်။ ရင်းနှီးလွန်းသော မျက်နှာကို သူမ ချက်ချင်း မှတ်မိသွားသည်။ "အော် ဦးလေး"  ပြုံးပြလိုက်ရင်း သူမ တွေးမိသွားသည်။ ကောင်လေးရော ???

သူမအတွေးကို သိသည့် အလား ဦးလေးကြီးက တချက်ပြုံးလိုက်ရင်း

" ဒီမှာ ဆရာမ လူနာလေ" အခုမှပင် နောက်မှာရပ်နေသော ကိုရင်လေးကို မြင်တော့သည်။ ပြုံးပြနေသော မျက်နှာမှာ ကြည်ကြည်လင်လင် ရောဂါဝေဒနာများ ကင်းစင်လို့။

" ဆေးရုံက ပြန်သွားပြီးတော့ ဆရာမတို့ညွှန်လိုက်တဲ့ ဆေးတွေပဲသောက်တယ်။ နောက်ကိုရင်ဝတ်လိုက်တယ်လေ။ ဆယ်ရက်လောက်ကြာကတည်းက အဖျားကျသွားတာ။ နှစ်ပတ်ပြည့်တုန်းက တခါလာပြသေးတယ်။ ဆရာမနဲ့ မတွေ့လို့။ အခုက နှစ်လပြည့်ချိန်းလို့ ပြန်လာတာလေ"

လူနာရှင်မျက်နှာ ပြုံးနေသလို သူမရင်ထဲ ဝမ်းသာကြည်နူးမှုက ပြောမပြတတ်အောင်ပင်။  ခုနက စိတ်ညစ်ညူးသမျှတွေပင် လွင့်စင်သွားသလို ခံစားရသည်။

သေချာအောင် သွေးပြန်စစ်တော့ ပုံမှန်နီးပါးကောင်းမွန်နေသည်။

 

မပြန်ခင် ဦးလေးကြီးကတော့ ပြောသွားသည်။ ကျွန်တော့်သားမှာ ဆရာမတို့ပေးတဲ့ အသက်ပဲရှိပါတယ်တဲ့ ။

Dr.K ကတော့ ဒီကလေးအသက်ကို ဘယ်သူပေးတာလဲဆိုတာသာ တွေးနေမိတော့သည်။

 

Khin Cho

www.drmyanmar.com