ဆီးချိုရဲ့ နောက်ဆက်တွဲ
မွေးရာပါ ဆီးချိုမဟုတ်တဲ့ အမျိုးအစား (2) ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့
1. နှလုံးသွေးကြောပြဿနာများ
ဆီးချိုရောဂါရှင်တွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေ၊ လေ့ကျင့်ခန်းတွေ မလုပ်ဘူးဆိုရင် သွေးကြောထဲမှာ အနည်အနှစ်တွေစုပုံလာနိုင်ချေက ပုံမှန်လူတွေထက်ပိုပြီးများပါတယ်။ ဒီအရာတွေကြောင့် သွေးစီးဆင်းမှုနှေးသွားစေပြီး သွေးခဲဖြစ်နိုင်ချေများစေပါတယ်။ ဒီနောက်မှာတော့ သွေးကြောတွေ မာသွားပြီး နှလုံးခုန်ရုတ်တရက်ရပ်ခြင်း (သို့) လေဖြတ်ခြင်းတွေကိုဖြစ်စေ ပါတယ်။ ဆီးချိုရောဂါရှိသူ 3 ယောက်မှာ 2 ယောက်လောက်က နှလုံးရောဂါနဲ့သေဆုံးကြပါလေ့ရှိပါတယ်။
2. ကျောက်ကပ်ပြဿနာ
ဆီးချိုရောဂါရှိတဲ့သက်တမ်းကြာလာတာနဲ့အမျှ ကျောက်ကပ်ရောဂါဖြစ်နိုင်ချေများလာပါတယ်။ ဆီးချိုရောဂါက ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ သွေးတွင်း သကြားဓာတ်ပမာဏ၊ သွေးဖိအားနဲ့ သွေးတွင်းအဆီဓာတ်ကို ပုံမှန်ထိန်းချုပ်ထားနိုင်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို လျော့နည်းစေပါတယ်။ ကျောက်ကပ်ကို တစ်နှစ်တစ်ခါပုံမှန်စစ်ဆေးပြီး ဆေးကုသမှုသေချာ ခံယူမယ်ဆိုရင် ရောဂါပိုမဆိုးအောင်နဲ့ ကျန်းမာအောင်ထိန်းထားနိုင်ပါတယ်။
3. မျက်လုံးပြဿနာများ
သွေးတွင်းသကြားဓာတ်မြင့်မားခြင်းကြောင့် မျက်လုံးရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မြင်လွှာကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေပို့ဆောင်ပေး တဲ့ သွေးကြောသေးသေးလေးတွေကို ထိခိုက်စေပါတယ်။ ဒီလိုဖြစ်တာကို ဆီးချိုရောဂါကြောင့် မြင်လွှာ ပျက်စီးခြင်းလို့ခေါ်ပြီး အမြင်အာရုံလုံးဝဆုံးရှုံးသွားတဲ့အထိဖြစ်နိုင်ပါတယ်။ အသက် 20 နဲ့ 74 ကြားလူတွေမှာ အဖြစ်အများဆုံး မျက်စိကွယ်တဲ့အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။
4. အာရုံကြောပြဿနာများ
ဆီးချိုရောဂါကိုကောင်းကောင်းမထိန်းချုပ်နိုင်ဘဲ အချိန်ကြာလာတဲ့အခါ အာရုံကြောတွေကို ပျက်စီးလာစေပါတယ်။ ရောဂါလက္ခဏာတွေကတော့ ခြေ၊ လက်၊ လက်ချောင်း၊ ခြေချောင်းထိပ်လေးတွေမှာ ထုံခြင်း၊ နာခြင်း၊ အပ်နဲ့ထိုးသလို တစ်စစ်စစ်ခံစားရခြင်း စတာတွေဖြစ်ပါတယ်။ ပျက်စီးသွားတဲ့အာရုံကြောတွေကို ပြန်ကောင်းအောင်လုပ်လို့မရပေမယ့် ပိုမဆိုးအောင်ကာကွယ်နိုင်ပါတယ်။ ဆီးချိုရောဂါကို ကောင်းမွန်စွာထိန်းချုပ်ထားနိုင်ဖို့လိုပါတယ်။
5. ခြေထောက်ထိခိုက်ဒဏ်ရာများ
ဆီးချိုရောဂါကြောင့် အာရုံကြောတွေပျက်စီးသွားတဲ့အခါ ခြေထောက်တွေက ထုံကြဉ်ပြီး အထိအတွေ့ကို မခံစားနိုင်တော့ပါဘူး။ တစ်ချိန်တည်းမှာပဲ သွေးကြောတွေက မာသွားတဲ့အတွက် ခြေထောက်ကို သွေးစီးဆင်း မှုလျော့ကျသွားပါတယ်။ ဒါကြောင့် နည်းနည်းလေးထိခိုက်မိရင်တောင် အနာဖြစ်ပြီး ခြေထောက် ပုပ်လေ့ရှိပါတယ်။ ပိုဆိုးလာရင်တော့ ဒီလိုအနာကနေပိုးဝင်ပြီး ခြေထောက်ဖြတ်ပစ်ရတဲ့အထိဖြစ်နိုင်ပါတယ်။
6. သွားဖုံးနှင့်သွားတွေကိုလည်းထိခိုက်ပါတယ်။
သွေးတွင်းသကြားဓာတ်များခြင်းကြောင့် ဘက်တီးရီးယားပိုးတွေ ကြီးထွားလာပြီး သွားကြားမှာ အကြွင်းအကျန်တွေလည်းများလာပါတယ်။ ဒီကနေပြီး သွားခေါင်း၊ သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါတွေဖြစ်လာစေပါတယ်။ သွားဖုံးရောဂါဆိုးလာရင် သွားတွေကျွတ်ထွက်စေပါတယ်။ ဒီကနေပြန်ပြီး ပိုးဝင်စေနိုင်ပါတယ်။
Dr. Mya Myo Myo Swe






























