အစာအိမ်နေရာမှာ မာနေရင်…
ဗိုက်ထဲမှာမအီမသာဖြစ်ပြီး အစာအိမ်နေရာ( ၀မ်းဗိုက်၏ အထက်အလယ်ပိုင်း) မှာ တင်းနေပါက ခန္ဓာကိုယ်အလယ်ပိုင်းမှာ တစ်ခုခုဖြစ်နေပြီဆိုတဲ့ အချက်ပေးသငေ်္ကတပဲဖြစ်ပါတယ်။ စားလိုက်တဲ့အစားအစာတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ဖြစ်နိုင်သလို သောက်လိုက်မိတဲ့ ဖျော်ရည်အမျိုး အစားကြောင့်လည်းဖြစ်တတ်ပါတယ်။ အများအားဖြင့် ဗိုက်ထဲမှာမအီမသာဖြစ်တဲ့အခါတိုင်းမှာ အခြားရောဂါလက္ခဏာတွေလည်း ပေါ်လာတတ်ပါတယ်။ အချို့သူတွေမှာတော့ အစားအသောက်ပုံစံပြောင်းလိုက်တာနဲ့ ရောဂါလက္ခဏာတွေဟာ ချက်ချင်းသက်သာသွားလေ့ရှိပါတယ်။
ဖြစ်ပွားရတဲ့အကြောင်းအရင်းများ
ဝမ်းချုပ်လို့ပဲဖြစ်ဖြစ်၊ လေပွလို့ပဲဖြစ်ဖြစ် ဗိုက်ထဲမှာမအီမသာဖြစ်ကာ ၀မ်းဗိုက်တင်းနေလေ့ရှိပြီး အလိုအလျောက်သက်သာသွားတတ်ပါတယ်။ အချို့သော အစားအစာတွေနဲ့ အချိုရည်တွေဟာ အစာမကြေဖြစ်စေတတ်ပါတယ်။ ဆိုဒါပါတဲ့ ဖျော်ရည်တွေနဲ့ အစားမြန်မြန်စားခြင်းကြောင့် လေတွေစုပုံလာပြီး ဗိုက်ထဲမှာမအီမသာဖြစ်စေတာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းဟာ အစာအိမ်ကင်ဆာနဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
ရောဂါလက္ခဏာများ
အစာမကြေတဲ့ပြဿနာရှိပါက ဗိုက်အောင့်ခြင်း၊ လေပွခြင်းနဲ့ ဗိုက်ကယ်ခြင်း စတာတွေကိုခံစားရလေ့ရှိပါတယ်။ ဒီလိုဖြစ်စဉ်တွေမှာ ရောဂါလက္ခဏာတွေဟာ လေ (သို့) အစားအစာတွေ ထွက်သွားတာနဲ့တစ်ပြိုင်နက် သက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ကင်ဆာကြောင့်ဖြစ်တဲ့ ဝမ်းဗိုက်အောင့်ခြင်းကတော့ ကုသမှုမခံယူမချင်း မပျောက်ကင်းနိုင်ပါဘူး။
ကင်ဆာရောဂါအမျိုးအစားများ
ကင်ဆာရောဂါနှစ်မျိုးကြောင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းကို ခံစားရလေ့ရှိပါတယ်။ ကင်ဆာဟာ အစာအိမ်နံရံ (သို့) ကြွက်သားနံရံမှာဖြစ်တတ်ပါတယ်။ အစာအိမ်နံရံမှာဖြစ်ပါက အစာအိမ်အတွင်းမှာ မာကျောတဲ့အလုံးတစ်လုံးရှိနေမှာဖြစ်ပြီး ကြွက်သားမှာဖြစ်ပါက တစ်သျှူးတွေဟာမာတောင့်လာ၍ ထူလာနိုင်ပါတယ်။ အစာအိမ်ကင်ဆာဟာ အနီးနားမှာရှိတဲ့ ကိုယ်တွင်းကလီစာတွေကို ပြန့်နှံ့ကာ ၎င်းအင်္ဂါအစိတ်အပိုင်းတွေကို မာတောင့်စေပါတယ်။
အစာအိမ်ရောဂါဝေဒနာများကို အမျိုးအစားခွဲကြည့်ခြင်း
အစာမကြေခြင်းနဲ့ ဝမ်းချုပ်ခြင်းတို့ဟာ လူတိုင်းမှာဖြစ်နိုင်ပါတယ်။ ကာဗွန်ပါတဲ့ ဖျော်ရည်တွေနဲ့ အစာမြန်မြန်စားခြင်း၊ အလွန်အကျွံစားခြင်းတို့ကြောင့် အစာအိမ်အတွင်းမှာ လေတွေစုပုံလာကာ လေတက်နိုင်ပါတယ်။ Lactose သကြားဓာတ်ကိုမခံနိုင်တဲ့သူတွေနဲ့ အစာမကြေလွယ်တဲ့သူတွေမှာ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းက နာရီအနည်းငယ်မှ ရက်အနည်းငယ်ထိကြာတတ်ပါတယ်။
Irritable Bowel Syndrome လို့ခေါ်တဲ့ အူလမ်းကြောင်းရောဂါတစ်မျိုးကြောင့် မကြာခဏဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ လေထခြင်း၊ ဗိုက်အောင့်ခြင်း တို့ဖြစ်နိုင်ပါတယ်။ တစ်ခါတရံမှာ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနဲ့ လေပွခြင်းတွေဟာ ရက်သတ္တပေါင်းများစွာထိ ကြာမြင့်တတ်ပါတယ်။
Dr. Thinzar Wynn






























