သိုင်းရွိုက်ဟော်မုန်းနည်းရင်လည်း ခေါင်းတစ်ခြမ်းကိုက်နိုင်
ခေါင်းတစ်ခြမ်းကိုက်ရောဂါအပါအဝင် အခြားသောခေါင်းကိုက်ရောဂါရှိသူတွေမှာ သိုင်းရွိုက်ဟော်မုန်းနည်းပါးသည့်ရောဂါ Hypothyroidism ဖြစ်ဖို့အလားအလာပိုများတယ်လို့ လေ့လာမှုတစ်ခုမှာဖော်ပြထားပါတယ်။
သိုင်းရွိုက်ဟာ လည်ပင်းအောက်ခြေရှိ အကျိတ်ဂလန်းတစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်း၊ ကယ်လိုရီလောင်ကျွမ်းနှုန်း စတာတွေကိုပါ ထိန်းချုပ်ပေးထားတဲ့ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းပါးလာတဲ့အခါမှာ စိတ်ခံစားမှုပြောင်းလဲခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ နုံးခွေခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ဓမ္မတာမမှန်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။
ခေါင်းကိုက်ခြင်းနဲ့ သိုင်းရွိုက်ဟော်မုန်းပမာဏနည်းပါးခြင်းတို့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာကိုတော့ တိတိကျကျတော့ မသိရသေးပါဘူး။ ဒါပေမယ့် လေ့လာမှုတစ်ခုမှာတော့ သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်းကို ကုသလိုက်ခြင်းဖြင့် ခေါင်းကိုက်ဝေဒနာကိုသက်သာစေတာကိုတွေ့ရှိရတာကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်းက ခေါင်းကိုက်နိုင်ခြေကို ပိုမိုမြင့်မားစေတာဖြစ်နိုင်တယ်လို့ UC Gardner Neuroscience Institute The Headache and facial pain center မှ တွဲဖက်ဒါရိုက်တာ Dr.Martin က ဆိုပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)






























