/
node/5123

အရောင်တွေက ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်လဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

•      မှတ်ဉာဏ်စွမ်းအား

          မိမိမှတ်မိတဲ့အရာတွေအပေါ်မှာ အရောင်တွေရဲ့ အကျိုးသက်ရောက်မှုက ရှိနေတတ်ပါတယ်။ အနီတွေ များနေတဲ့အနားမှာဆိုရင် မကောင်းတဲ့စကားတွေကို ပြန်စဉ်းစားနေတတ်ပြီး အစိမ်းရောင်တွေ ရှိနေပါက ကောင်းတဲ့အရာတွေကို ပြန်မှတ်မိနေတတ်ပါတယ်။ ထိုကဲ့သို့ ကောင်းတာတွေပဲ ရွေးပြီး သတိရခြင်းဖြင့် ဘ၀ကို ပိုမိုပျော်ရွှင်စေကာ စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။

 

•       ကာမစိတ်ဆန္ဒ

          အမျိုးသမီးတွေဟာ အနီရောင်၀တ်ထားတဲ့ အမျိုးသားတွေကို ပိုပြီးလိုချင်တပ်မက်လေ့ ရှိပါတယ်။ တကယ်တမ်းတော့ အမျိုးသားတွေဟာလည်း အနီရောင်၀တ်ထားတဲ့ အမျိုးသမီးတွေရဲ့ ဆွဲဆောင်ခြင်းကို ခံရတတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတစ်ခုဖြစ်ပြီး အရောင်ကြောင့် တစ်ဦးနဲ့တစ်ဦး ပိုသဘောကျစေတာတော့ မဟုတ်ပါဘူး။

 

•       လူအများနဲ့ ဆက်ဆံရေး

          မိမိပတ်၀န်းကျင်မှာရှိတဲ့ လူတွေကို စိတ်ချမ်းသာစေလိုပါက အိမ်နံရံကို ပန်းရောင်၊ အစိမ်း (သို့) အဖြူရောင်ကို သုတ်သင့်ပါတယ်။ ဒီအရောင်တွေဟာ အခြားသူတွေရဲ့ မျက်နှာအမူအရာကို ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ညစ်စရာတွေကို သိပ်မမှတ်တတ်တော့တာကြောင့် ရင်ဖွင့်ချင်တဲ့အခါမျိုးမှာတော့ အခက်အခဲ တွေ့နိုင်ပါတယ်။

 

•       ဇီ၀ကမ္မနာရီ

          မိုးပြာရောင်ဟာ မိမိရဲ့ ဇီ၀ကမ္မစည်းချက်တွေကို ပုံမှန်အတိုင်း လှုပ်ရှားစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိထားပါတယ်။ အပြာရောင်က ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာတွေအပေါ်မှာ 24 နာရီပတ်လုံး ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိတတ်ပါတယ်။ ထို့ပြင် စိတ်ကျေ၀ဒနာရဲ့ အခြားစိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေကို ကုသရာမှာလည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

 

•       စိတ်ခံစားမှုများ

          အစိမ်းရောင်ဟာ ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေကို အားကောင်းစေပြီး မကောင်းတဲ့ စိတ်အခြေအနေတွေကို လျော့နည်းစေပါတယ်။ အဖြူရောင်နဲ့ ပန်းရောင်မှာလည်း တူညီတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ဒါပေမဲ့ အနီရောင်မှာတော့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေရှိပြီး ကျရှုံးခြင်းနဲ့ အန္တရာယ်ရှိခြင်း စတဲ့ မကောင်းတဲ့ စိတ်ခံစားမှုတွေကို လွှမ်းမိုးစေပါတယ်။

 

•       တီထွင်ဖန်တီးနိုင်စွမ်း

          အစိမ်းရောင်သည် တီထွင်ဖန်တီးနိုင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ အဖြူရောင်၊ မီးခိုရောင်၊ အနီရောင်၊ အပြာရောင်နဲ့ အစိမ်းရောင်တွေဟာလည်း စကားလုံး၊ ပုံရိပ်တွေနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့စွမ်းဆောင်နိုင်စွမ်းကို မြင့်တက်စေပါတယ်။ ဒါကြောင့် ရုံးခန်းနံရံတွေကို ဆေးရောင်သုတ်ဖို့ စဉ်းစားမယ်ဆိုရင် အစိမ်းရောင်ကို ရွေးချယ်သင့်ပါတယ်။ ဒါမှမဟုတ် အလုပ်စားပွဲကို ဂေါက်ကွင်းနားကို ရွှေ့လိုက်ပါ။

 

•       အနီရောင်ကို မြင်တွေ့လိုက်ရတဲ့ အခိုက်အတန့်

          အနီရောင်ကို မြင်တဲ့အချိန်မှာ ဦးနှောက်က အန္တရာယ်သတိပေးစာ တစ်ခုအနေနဲ့ ဘာသာပြန်လိုက်တာကြောင့် တုံ့ပြန်မှုတွေကို ပိုမိုမြန်ဆန်ပြီးတော့ ပြင်းထန်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က တိုက်ခိုက်ဖို့ (သို့) ခုခံကာကွယ်ဖို့ စတင်ပြင်ဆင်ပါတော့တယ်။ ထို့အတွက် အနီရောင်ဟာ ခွန်အားလိုတဲ့ အလေးမ အားကစားကဲ့သို့ ကစားနည်းများမှာ အဆင်ပြေပေမယ့် နည်းဗျူဟာ၊ တီထွင်နိုင်စွမ်း (သို့) ရှုပ်ထွေးတဲ့ လှုပ်ရှားမှုတွေဆိုတဲ့ အားကစားနည်းတွေမှာတော့ ဒုက္ခရောက်စေနိုင်ပါတယ်။

 

•       စိတ်ခွန်အားပမာဏ

          အစိမ်းရောင်ရှိတဲ့ နေရာနားတစ်၀ိုက်မှာ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အချိန်ဆိုရင် ပိုမိုပျော်ရွှင်တက်ကြွစေ၍ ပင်ပန်းမှုကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် အိမ်အပြင်မှာ လေ့ကျင့်ခန်း လုပ်တတ်တဲ့သူတွေဟာ ပိုပြီးတော့ လန်းဆန်းနေတာ ဖြစ်ပါတယ်။ ထို့ပြင် မိမိနေထိုင်ရာနေရာကို အစိမ်းရောင်များများ သုတ်ထားခြင်းဖြင့် စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။

 

•       ခံတွင်းလိုက်ခြင်း

          ထမင်းစားတဲ့ ပန်းကန်ပြားအရောင်ဟာ မိမိ ဘယ်လောက်စားနိုင်မလဲ ဆိုတာကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ အဓိကသော့ချက်ကတော့ ထမင်းပန်းကန်ပြားနဲ့ အစားအစာအရောင်ဟာ ကွဲပြားလေလေ စားတာ ပိုပြီးနည်းလေလေ ဖြစ်ပါတယ်။ သုတေသနပြုလုပ်ချက်အရ ဆန်ပြားခေါက်ဆွဲကြော်ကို အနီရောင် ပန်းကန်ပြားအစား အဖြူရောင်ပန်းကန်နဲ့ ထည့်ပေးပါက 30% လောက် ပိုပြီးစားနိုင်တာကို တွေ့ရပါတယ်။

 

•       ကလေးများ၏ အစားစားချင်စိတ်ကို တိုးပွားစေခြင်း

          ကလေးငယ်တွေဟာ သူတို့ရဲ့ ပန်းကန်ပြားထဲမှာ အရောင်မျိုးစုံ ပါ,ပါက ပိုပြီးတော့ စား၀င်ကြပါတယ်။ ကလေးတွေကို သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ပိုစားစေချင်ပါက အကောင်းဆုံးနည်းလမ်းကတော့ အရောင်တောက်တောက်တွေနဲ့ အလှဆင်ဖို့ပဲ ဖြစ်ပါတယ်။ အပိုဆုအနေနဲ့ အရောင်အမျိုးမျိုး စားစရာတွေမှာ အာဟာရဓာတ်မျိုးစုံ ပါ၀င်တာကြောင့် ခန္ဓာကိုယ် ကြီးထွားမှုကိုလည်း အထောက်အကူပြုပါတယ်။

 

•       ခေါင်းတစ်ခြမ်းကိုက်ေ၀ဒနာကို သက်သာစေခြင်း

          ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရှိတဲ့သူတွေဟာ မီးအလင်းရောင်တွေကို တတ်နိုင်သမျှ ရှောင်ချင်ကြပါတယ်။ အရောင် အမျိုးမျိုး (သို့) လှိုင်းအရှည် မတူညီတဲ့ မီးအလင်းရောင် (အပြာ၊ ပယင်းရောင်၊ အနီ) တွေဟာ ခေါင်းတစ်ခြမ်းကိုက်ေ၀ဒနာကို ပိုဆိုးစေပါတယ်။ အစိမ်းရောင်တစ်ခုပဲ ေ၀ဒနာကို သက်သာစေတယ် ဆိုပေမယ့် ဓာတ်ခွဲခန်းပြင်ပမှာ အစိမ်းရောင်ကို အခြားအရောင်တွေကနေ ခွဲထုတ်ဖို့ ခက်ခဲလေ့ရှိပါတယ်။ အထူးပြုလုပ်ထားတဲ့ မီးသီး (သို့) နေကာမျက်မှန်တွေကသာ အစိမ်းရောင်လှိုင်းကို ခွဲထုတ်နိုင်ပေမယ့် ထိုပစ္စည်းတွေကို ထုတ်လုပ်ဖို့ တော်တော်အားထုတ်ရဦးမှာ ဖြစ်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)