/
node/5295

အားအင်ဖြည့်တင်းဖို့ တရေးတမော အိပ်ကြစို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အပေါင်းအဖော် သူငယ်ချင်းတွေကြောင့် စိတ်ညစ်ညူးနေပါသလား။ မနေ့က သင်ခဲ့တဲ့ သင်ခန်းစာတွေကို မမှတ်မိနိုင် ဖြစ်နေပါသလား။ ဒါမှမဟုတ် ပစ္စည်းတွေ ဟိုမေ့ဒီမေ့ ဖြစ်နေပါသလား။

          ဒါတွေဟာ ပင်ပန်းနေတဲ့အတွက် စိတ်ကြည်မလင်၊ မေ့မေ့လျော့လျော့ ဖြစ်နေရတာပါ။ ဒီလို ဖြစ်လာတဲ့အခါ အားဖြည့်အချိုရည်တွေ၊ အာလူးကြော်ထုပ်တွေကို လက်လှမ်းမိတတ်ကြပါတယ်။ အားဖြည့်အချိုရည်တွေမှာ ကျန်းမာရေးကို ထိခိုက်စေတတ်တဲ့ သကြားတွေနဲ့ ကဖိန်းဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ အာလူးကြော်ထုပ်တွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆီတွေ ကယ်လိုရီတွေ ပါဝင်ပါတယ်။ ဒါကြောင့် ဒါတွေစားမယ့်အစား တရေးတမော အိပ်လိုက်ခြင်းက စိတ်ကို ပြန်လည်လန်းဆန်း တက်ကြွစေပါတယ်။ နေ့လည်နေ့ခင်း တရေးတမော အိပ်ခြင်းဟာ ကလေးပေါက်စတွေအတွက်ပဲ မဟုတ်ပါဘူး။ လူတွေဟာ ပင်ပန်းလာတဲ့အခါ ရွေးချယ်မှုတွေ မှားယွင်းတတ်ပါတယ်။ ခဏတာ အိပ်စက် အနားယူလိုက်ခြင်းက အာရုံစူးစိုက်မှုကို ကောင်းစေနိုင်ပြီး မှန်ကန်တဲ့ဆုံးဖြတ်မှုတွေကို ရွေးချယ်စေနိုင်ပါတယ်။

          အားအင်ပြည့်ဝစေတဲ့ အိပ်စက်နားနေမှု ရရှိနိုင်အောင် ဒီအဆင့်တွေအတိုင်း လုပ်ကြည့်လိုက်ပါ။

1.       နေရာကောင်းကောင်း ရှာပါ။ ကျောင်းသားနားနေခန်းထဲ ဆိတ်ငြိမ်တဲ့ စားပွဲခုံတစ်ခုမှာ မှောက်အိပ်ကြည့်လိုက်ပါ။ အိမ်မှာ အိမ်စာမလုပ်မီ စာကြည့်စားပွဲမှာ ထိုင်ငိုက်ကြည့်လိုက်ပါ။ စာကြည့်တိုင်မှာဖြစ်ဖြစ်၊ ဘောလုံးပွဲသွားတဲ့ ဘတ်စ်ကားပေါ်မှာဖြစ်ဖြစ် ဘယ်နေရာမှာမဆို တရေးတမော အိပ်ပြီး အားပြန်ဖြည့်လိုက်ပါ။

2.       ခဏတာမျှသာ ကြာပါစေ။  မိနစ် 20 ၊ 30 ခန့်မျှသာ အိပ်စက်သင့်ပါတယ်။ အကြာကြီး အိပ်ပျော်သွားခြင်းက စိတ်ကို ပိုပြီးထိုင်းမှိုင်းစေနိုင်ပါတယ်။ ဒါကြောင့် မအိပ်ခင် Alarm ပေးပြီးမှ အိပ်သင့်ပါတယ်။

3.       နေ့လယ်နေခင်းမှာသာ အိပ်သင့်ပါတယ်။ နေ့လယ်နေ့ခင်းက ခဏတာ ငိုက်မြည်းဖို့အတွက် အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ညနေ 5 နာရီ၊ 6 နာရီထက် ပိုနောက်မကျပါစေနဲ့။ ဒီထက် ပိုနောက်ကျသွားရင် ညဘက် အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။

4.       ငြိမ့်ညောင်းတဲ့တေးသံတွေ နားထောင်ပါ။ ခဏတဖြုတ် မအိပ်တတ်သူတွေဟာ တေးသံငြိမ့်ငြိမ့်လေးတွေ ဒါမှမဟုတ် ပျင်းစရာကောင်းတဲ့ ရေဒီယိုအစီအစဉ်တွေကို နားထောင်ရင်း အိပ်သင့်ပါတယ်။

          ကိုယ်နဲ့ ကိုက်ညီမှုရှိမယ့် Plan အတိုင်း ကြိုးစားကြည့်ပါ။ နေရာတွေ၊ အချိန်တွေ ပြောင်းပြီး အိပ်ကြည့်ပါ။ စာကြည့်တိုက်မှာ အိပ်ရတာ ပိုတိတ်ဆိတ်မှု ရှိပါသလား။ မိနစ် 20 မျှသာ အိပ်တာ လုံလောက်မှု ရှိပါသလား။ ကိုယ့်အတွက် စိတ်အပန်းပြေ အားပြည့်စေမယ့်နည်းလမ်း အချိန်နေရာကို ကိုယ့်ကိုယ်တိုင် ညှိနှိုင်းသင့်ပါတယ်။

          အကယ်၍ နေ့လယ်နေ့ခင်း တရေးတမော အိပ်လျက်နဲ့ အားမပြည့်နိုင်ဘူးဆိုရင် ညဘက်မှာ ပုံမှန်ရှိရမယ့် အိပ်ချိန် 8-9 နာရီ မပြည့်ဘူးဆိုတာကို ပြသနေပါတယ်။ နေ့လယ်နေ့ခင်း ငိုက်မြည်းခြင်းက ယာယီနည်းလမ်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ညဘက်မှာ အိပ်ချိန်ပြည့်ဝအောင် စောစောအိပ်သင့်ပါတယ်။ အိပ်ချိန် ပြည့်ပြည့်ဝဝ အနားယူခြင်းက ကိုယ်ရောစိတ်ပါ ကြည်လင်ချမ်းမြေ့စေနိုင်ပါတယ်။ အိပ်ရေးမဝခြင်းက အာရုံစူးစိုက်မှုကို လျော့နည်းစေနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း တက်စေနိုင်ပါတယ်။ ပိတ်ရက်တွေမှာ ပုံမှန်ထချိန်ထက် 1 နာရီခန့် ပိုအိပ်နိုင်ပါတယ်။ နေမွန်းတည့်ချိန်ထိ အိပ်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ဒီလိုပိတ်ရက်မှာ အချိန်လွန်အိပ်ခြင်းက ဖွင့်ရက်တွေမှာပါ အိပ်ချိန် ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ဒီလောက်ဆို မိဘတွေကို စနေ၊ တနင်္ဂနွေတွွေမှာ အိပ်ရာစောစောမနှိုးဖို့ အကြောင်းပြချက် ရလောက်ပြီ ထင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)