/
node/5372

အကြားအာရုံ ဝေဝါးနေပြီလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          စကားပြောကြတဲ့အခါ သဲသဲကွဲကွဲမကြားရဘဲ ဝေဝေဝါးဝါး ဖြစ်နေပြီလား? အိမ်က မိသားစုဝင်တွေဟာ စကားတစ်ခွန်းကို ခဏခဏ ပြန်ပြန်ပြောရလွန်းလို့ စိတ်ညစ်နေကြပြီလား? ဒါဆိုရင်တော့ အကြားအာရုံကို သေချာစစ်ဆေးသင့်ပါပြီ။ နားကြားကိရိယာတွေဟာ အကြားအာရုံကို အထောက်အကူပြုပေးနိုင်ပြီး  ပိုမိုတိုးတက်လာကြပါပြီ။

          နားကို ပုံမှန်ပြန်ကြားအောင် မစွမ်းဆောင်နိုင်ပေမယ့် နားကြားကိရိယာ တပ်ထားခြင်းက ပုံမှန်လူတစ်ယောက်လို ပြောဆိုဆက်ဆံနိုင်အောင် ကူညီပေးနိုင်ပါတယ်။

 

>>    နားလေးခြင်းရဲ့ ဆိုးကျိုးများ

          နားလေးလာခြင်းဟာ သိစိတ်အာရုံ ယိုယွင်းလာခြင်းနဲ့လည်း ဆက်နွယ်နေနိုင်တယ်လို့လည်း ဆိုပါသေးတယ်။ နားလေးသူတွေမှာ ကိုယ်ခန္ဓာ အနေအထားကို အသိအမြင် လျော့နည်းသွားတတ်တာကြောင့် ချော်လဲတာမျိုး မကြာခဏ ဖြစ်လေ့ရှိပါတယ်။

          ဒါ့အပြင် အနားမှာ ဖြစ်ပျက်နေတာတွေကို ကောင်းကောင်းမကြားရတဲ့အခါ အန္တရာယ် ကြုံရတတ်ပါတယ်။

          ကားမောင်းနေစဉ် အရေးပေါ် လူနာတင်ယာဉ် သို့မဟုတ် ရဲကားတွေရဲ့ အချက်ပေးသံ မကြားမိတာမျိုး၊ လမ်းလျှောက်နေစဉ် အနောက်မှာ လူတွေ ပြေးလွှားလာတာ၊ စက်ဘီးလာတာကို အသံ မကြားမိတာမျိုးတွေကြောင့် ဘေးဖြစ်တတ်ပါတယ်။

          တချို့နားလေးသူတွေမှာ အချင်းချင်း ဆက်သွယ်ရ ခက်ခဲလာတဲ့အတွက် လူအများနဲ့ ဆက်ဆံပေါင်းသင်းမှု မပြုတော့ဘဲ တစ်သီးတစ်သန့် နေလာတတ်ကြပါတယ်။

          ဒီလို အကြားအာရုံ ချို့ယွင်းမှုကြောင့် လူ့အသိုင်းအဝိုင်းမှ ဖယ်ခွာလာခြင်းဟာ စိတ်ကျရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများစေနိုင်ပါတယ်။ နားကြားကိရိယာများ တပ်ဆင်ခြင်းဖြင့် မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေး ပိုအဆင်ပြေလာပြီး ကိုယ်နှစ်သက်ရာ လုပ်ငန်းဆောင်တာများကို အဆင်ပြေပြေ ဆောင်ရွက်လာနိုင်စေပါတယ်။

 

>>    အကြားအာရုံ ချို့ယွင်းလာတာ ဘယ်လိုသိနိုင်မလဲ?

          အကြားအာရုံ ချို့ယွင်းနေကြောင်း သိစေနိုင်တဲ့ အချက် 5 ချက်ကတော့ -

1.       အခြားလူများ စကားပြောတဲ့အခါ တိုးတိုးသာ ကြားရခြင်း။

2.       သူများစကားကို အားစိုက် နားထောင်နေရခြင်း။

3.       စားသောက်ဆိုင်၊ မိသားစု/သူငယ်ချင်း တွေ့ဆုံပွဲ စတဲ့ ဆူညံနေတဲ့ အခြေအနေမျိုးမှာ စကားပြောကြတဲ့အခါ ပြန်ပြန်မေးနေရတတ်ခြင်း။

4.       ရုပ်ရှင်တီဗီနဲ့ ရေဒီယိုများ နားထောင်တဲ့အခါ သူတစ်ပါးထက် အသံပိုကျယ်ကျယ် ဖွင့်ရခြင်း။

5.       ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံနဲ့ ဒင်နာ တွေ့ဆုံပွဲတွေမှာ ကွဲကွဲပြားပြား မကြားရခြင်းတို့ ဖြစ်ပြီး

          ဒီလို အခြေအနေမျိုးတွေ ကြုံတွေ့ရပါက နားရောဂါအထူးကုဆရာဝန်တွေနဲ့ တွေ့ဆုံပြသသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)