ရေနွေး သောက်ကြမယ်
လူ့ခန္ဓာကိုယ်ရဲ့ 70% ဟာ ရေဓာတ်နဲ့ ဖွဲ့စည်းထားတဲ့အတွက် ပုံမှန်လူတစ်ယောက်မှာ တစ်နေ့ကို ရေ 2 လီတာ သို့မဟုတ် 4 ခွက်ကနေ 8 ခွက်ခန့် လိုအပ်ပါတယ်။
လူအများစုဟာ ရေနွေးထက် ရေအေးကို ပိုအသောက် များတတ်ကြပါတယ်။ ဒါကြောင့် လူအများ မသိကြတဲ့ ရေနွေးရဲ့ကောင်းကျိုးများကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။
1. ကိုယ်အလေးချိန် လျော့ကျစေခြင်း
ဝိတ်လျှော့ဖို့ ကြိုးစားနေပါသလား။ ရေနွေးပူပူကို တစ်ကျိုက်ချင်း သောက်ကြည့်ပါ။ အိပ်ရာနိုးပြီးပြီးချင်း ဘာမှမလုပ်ခင် ရေပူပူလေး သောက်ပေးခြင်းက ပိုလျှံနေတဲ့အဆီတွေကို လောင်ကျွမ်းစေနိုင်မှာပါ။
2. အဆိပ်အတောက် ပြေစေခြင်း
ခန္ဓာကိုယ်မှာ စုပုံလာတဲ့ အဆိပ်အတောက်တွေ ပြေလျော့စေဖို့ ရေနွေးနွေးလေး သောက်လိုက်ပါ။ အပူထုတ် ချွေးထွက်လာပြီး ခန္ဓာကိုယ်ထဲကအဆိပ်တွေ လေထဲ အငွေ့ပြန်သွားပါလိမ့်မယ်။
3. နှာခေါင်းပိတ်၊ သလိပ်ကပ်ခြင်းကို သက်သာစေခြင်း
အေးချမ်းတဲ့ရာသီမှာ ဖျားနာချောင်းဆိုးပြီး နှာခေါင်းပိတ်၊ သလိပ်ကပ်ခြင်းများ ဖြစ်လေ့ရှိပါတယ်။ ဒီလို စိတ်ညစ်စရာကောင်းလှတဲ့ ချွဲသလိပ်တွေကို ရေနွေးပူပူလေးနဲ့ ရှင်းထုတ်ပစ်လိုက်ပါ။ ရေနွေးက အသက်ရှူ လမ်းကြောင်းတစ်လျှောက်ကို ရှင်းလင်းပေးနိုင်ပါတယ်။
4. အစာချေခြင်းကို မြန်ဆန်စေခြင်း
မနက်ခင်းစောစောမှာ ရေနွေးနွေးကို သောက်ပေးခြင်းဖြင့် အစာအိမ်ကို သန့်စင်ပေးသင့်ပါတယ်။ ရေနွေးဟာ အစာချေခြင်းကို အထောက်အကူပြုတဲ့အတွက် အာဟာရဓာတ် စုပ်ယူမှုကို မြန်ဆန်စေတဲ့အပြင် အဆိပ်အတောက်တွေကို ထိရောက်စွာ ရှင်းထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် မနက်ခင်းတိုင်း ရေနွေးသောက်ပေးခြင်းဖြင့် အူလမ်းကြောင်းကို ရှင်းလင်းစေပြီး ကျန်းမာတဲ့ခန္ဓာကိုယ်ကို ရစေနိုင်ပါတယ်။
5. ဝမ်းမချုပ်အောင် ကာကွယ်ပေးခြင်း
ဝမ်းတစ်လုံး မကောင်းတဲ့အခါ ခေါင်းခဲ ရတတ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ် မလုံလောက်တဲ့အခါ ဝမ်းချုပ်လေ့ ရှိပါတယ်။ ဒါကြောင့် ရေပူနွေးနွေးကို သောက်ပေးခြင်းဖြင့် အူလမ်းကြောင်း လှုပ်ရှားမှုကို မြန်ဆန်စေပြီး ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။
6. သွေးလည်ပတ်မှုကို ကောင်းစေခြင်း
သွေးလည်ပတ်မှုနှုန်း နှေးကွေးတဲ့အခါ ခန္ဓာကိုယ်ဟာ အောက်စီဂျင်နဲ့ အစာအာဟာရ ရရှိမှု လျော့နည်းသွားတတ်ပါတယ်။ ရေနွေးဟာ ခန္ဓာကိုယ် သွေးလည်ပတ်မှုကို အထောက်အကူပြုပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရှိ အဆီနဲ့ အဆိပ်ဓာတ်တွေကို မြန်မြန်ဆန်ဆန် ရှင်းထုတ်ပေးနိုင်ပါတယ်။
7. နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း
ရေနွေးရဲ့အပူဓာတ်ဟာ နာကျင်တောင့်တင်းနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သွေးလည်ပတ်မှု များစေပြီး အကြောအချင် ပြေစေပါတယ်။ ဒါကြောင့် ပင်ပန်းနွမ်းနယ်ပြီး ကိုက်ခဲနာကျင်နေပါက ရေနွေးနွေးလေး သောက်ပေးလိုက်ပါ။ ရှေးခေတ်တွေကတည်းက လူကြီးသူမများ အသုံးပြုခဲ့တဲ့ နည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။
8. အင်အားပြည့်စေခြင်း
ခွန်အားပြန်လည် ဖြည့်တင်းဖို့ အားဖြည့်အချိုရည်တွေ သောက်တာကို ရပ်နားလိုက်ပါ။ လူအများစုဟာ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေအေးအေးလေး သောက်သုံးတတ်ကြပါတယ်။ တကယ်တော့ ရေနွေးဟာ သဘာဝ အားဖြည့်အချိုရည်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကို ဖြည့်တင်းပေးပြီး ကယ်လိုရီများကို လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ရေနွေး သောက်ပေးခြင်းဖြင့် ဇီဝကမ္မ လုပ်ဆောင်မှုကို သမမျှတစေပြီး ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
9. အိပ်ပျော်စေခြင်း
ညမအိပ်ခင် ရေပူပူလေးတစ်ခွက် သောက်ပေးခြင်းက နှစ်ခြိုက်စွာ အိပ်ပျော်စေပြီး မနက်ခင်း နိုးထလာတဲ့အချိန်မှာ အားအင်ပြည့်နေစေပါတယ်။ ဒါ့အပြင် အဆိပ်အတောက်တွေကို ပြေစေတဲ့အတွက် ခန္ဓာကိုယ်ကို ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်မပျော်တဲ့အခါ ရေနွေးလေး သောက်ကြည့်လိုက်ပါ။
10. ချောင်းဆိုး သက်သာစေခြင်း
ချောင်းဆိုးပျောက်ဆေးတွေ အများကြီး ရှိပေမယ့် အလွယ်ကူဆုံးနဲ့ အသက်သာဆုံးကတော့ ရေနွေးပဲ ဖြစ်ပါတယ်။ ရေနွေးဟာ လည်ချောင်းထဲက ချွဲသလိပ်တွေကို သက်သာစေတဲ့အပြင် အသက်ရှူလမ်းကြောင်း ရောင်ရမ်း ယားယံတာကိုလည်း သက်သာစေနိုင်ပါတယ်။ ရေနွေးထဲကို ပျားရည် ဒါမှမဟုတ် သံပရာသီး ထည့်သောက်ခြင်းက ချောင်းဆိုးခြင်းကို ပိုမိုသက်သာစေနိုင်ပါတယ်။
11. အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေခြင်း
ခါးနာပြီး အဆစ်တွေ ကိုက်ခဲနေပါက ရေနွေးနွေး သောက်ပြီး ရေနွေးနဲ့ ရေချိုးပေးပါ။ ရေနွေးက သွေးလည်ပတ်မှု အားကောင်းစေပြီး အကြောအချင် ပြေလျော့စေနိုင်ပါတယ်။ ရေနွေးဟာ အဆစ်အမြစ် နာကျင်တာ၊ ကြွက်တက်တာ၊ အာရုံကြောနဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။
12. ရာသီလာချိန် နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း
အမျိုးသမီးများမှာ ရာသီလာချိန် ဆိုးရွားစွာ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေရန်အတွက် ရေနွေးအိတ်ကို ဗိုက်ပေါ် ကပ်ပေးနိုင်ပါတယ်။ ရေနွေးသောက်ခြင်းနဲ့ ရေနွေးငွေ့ ရှူပေးခြင်းကလည်း သဘာဝနည်းနဲ့ သက်သာစေနိုင်ပါတယ်။
13. ရေထဲရှိ ပိုးမွှားများကို သေစေနိုင်ခြင်း
သောက်သုံးရေထဲမှာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားများ ပါဝင်ပါတယ်။ ရေကို 90 စက္ကန့်ခန့် အပူပေးခြင်းက ပိုးမွှားများကို သေကြေစေနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ရေနွေးသောက်ခြင်းက ကာလဝမ်းနဲ့ အူရောင်ငန်းဖျားရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
14. ဆီးချိုကျစေခြင်း
ဆီးချိုရောဂါရှိသူတွေဟာ ရေဓာတ် ပြည့်ဝစွာ သောက်သုံးသင့်ပါတယ်။ ရေနွေး သောက်သုံးခြင်းက ခန္ဓာကိုယ် အပူချိန်ကို တက်စေနိုင်ပြီး အချိုဓာတ်တွေကို ဆီးထဲ ပါဝင်စေပါတယ်။ ဒါ့အပြင် ရေဓာတ် ခန်းခြောက်မှု မရှိအောင်လည်း ကာကွယ်ပေးပါသေးတယ်။
15. သဘာဝကုထုံး
ရေဟာ လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တဲ့အတွက် ကျန်းမာရေးအတွက်လည်း အရေးပါ,ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ သွေးအားနည်းခြင်း၊ ခါးနာခြင်း၊ ဆီးကျောက်တည်ခြင်း၊ ဆီးပိုးဝင်ခြင်းစတဲ့ ရောဂါများမှာလည်း ရေဟာ သဘာဝကုသမှုတစ်ရပ် အနေနဲ့ ပါဝင်ပါတယ်။ ဒါဟာ ဘာကြောင့်လည်းဆိုရင် ရေဟာ ကလပ်စည်းဆဲလ်တွေအတွက် အောက်ဆီဂျင် သယ်ပို့ရာမှာ အရေးပါတဲ့အတွက်ပဲ ဖြစ်ပါတယ်။
16. အူရောင်ခြင်းကို ကာကွယ်ပေးခြင်း
အစာဆိပ်သင့်ပြီး အူရောင်ခြင်းအတွက် ကောင်းမွန်ပါတယ်။ အစာဆိပ်သင့် အူရောင်ပါက ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်းတို့နဲ့ လာတတ်ပါတယ်။ ရေနွေးဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဆီးမှတစ်ဆင့် စွန့်ပစ်ပေးနိုင်တာကြောင့် အစာဆိပ်သင့်ခြင်းကို ကာကွယ်နိုင်ပါတယ်။
17. ရင်ပူခြင်းကို သက်သာစေခြင်း
ရင်ပူတယ်ဆိုတာဟာ အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေ အစာပြွန်ထဲ တက်လာတဲ့အတွက် ရင်ဘတ်အောင့်သလို ခံစားရတာပဲ ဖြစ်ပါတယ်။ စားချိန် နောက်ကျသူတွေမှာ ဖြစ်တတ်ပြီး စားပြီးပြီးချင်း ဒါမှမဟုတ် ညအိပ်ခါနီးအချိန်တွေမှာ ဖြစ်တတ်ပါတယ်။ ဒါကို သက်သာစေဖို့အတွက် ဆေးဝါးဓာတ်စာတွေအပြင် ရေနွေးလေး သောက်ပေးသင့်ပါတယ်။ အစာအိမ် အချဉ်ဓာတ်များခြင်းကို သက်သာစေပြီး အခြားအင်္ဂါအစိတ်အပိုင်းတွေအတွက်ပါ အထောက်အကူပြုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























