/
node/5477

ခန္ဓာကိုယ်ရဲ့ သတိပေးသံများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လူရယ်လို့ ဖြစ်လာပြီး ခန္ဓာတစ်ခု ရလာသူတိုင်းမှာ ဝေဒနာတွေ မလွဲမသွေ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ ဝေဒနာတွေ ခံစားရတယ်ဆိုတာဟာ ခန္ဓာကိုယ်မှာ တစ်စုံတစ်ခု ဖြစ်နေပြီဆိုတာကို အချက်ပေးနေတာပါ။ ဒီအချက်ပေးသံတွေကို နားထောင်တတ်ဖို့တော့ လိုပါတယ်။ မပေါဆသင့်တဲ့ အချက်ပေးသံတွေကတော့ -

 

1.      အကြောင်းမဲ့ ကိုယ်အလေးချိန် ကျသွားခြင်း

          တချို့တွေက သဘောတွေတောင် ကျနေတတ်ပေမယ့် 6 လကနေ 1 နှစ်အတွင်း အလိုလိုနေရင်း 10 ပေါင်လောက် ကျသွားတယ်ဆိုရင်တော့ သတိထားရပါမယ်။

        ဖြစ်တတ်တဲ့ရောဂါတွေ : သိုင်းရွိုက်ကြီးခြင်း၊ အသည်းရောဂါ၊ ကင်ဆာ၊ အူရောင်ရောဂါ၊ နှလုံး ပျက်စီးအားနည်းခြင်း၊ ဆီးချိုရောဂါ။

 

2.      ရက်ရှည်ဖျားခြင်း

          အဖျား 100.4 ဒီဂရီလောက်နဲ့ တငွေ့ငွေ့ 1 ပတ်ထက်ကြာအောင် ဖျားနေပါက သတိထားပါ။

        ဖြစ်တတ်တဲ့ရောဂါတွေ : ပိုးဝင်ခြင်း၊ ကင်ဆာ၊ ဆေးရဲ့ဆိုးကျိုးများ၊ သွေးလေးဖက်နာ၊ အဆုတ်သွေးကြောပိတ်ခြင်း။

 

3.      မောကျပ်ခြင်း

          လှေကား တက်တဲ့အချိန်၊ ပြေးလွှားတဲ့အချိန်မျိုးမှာ မောတာမျိုးက ပုံမှန်ဖြစ်ပေမယ့် ထိုင်နေရင်း၊ လှဲအိပ်နေရင်းနဲ့ မောကျပ်လာရင်တော့ သတိထားရပါတော့မယ်။

        ဖြစ်တတ်တဲ့ရောဂါတွေ : နှလုံး ပျက်စီးအားနည်းခြင်း၊ ပန်းနာရင်ကျပ်၊ အဆုတ် သွေးခဲပိတ်ခြင်း၊ စိတ်ပူပန် လှုပ်ရှားခြင်း၊ သွေးလန့်ခြင်း။

 

4.      ဝမ်းပြဿနာ

          ဝမ်းထဲမှာ သွေးပါခြင်း၊ 1 ပတ်ထက််ကြာအောင် ဝမ်းလျှောခြင်း၊ 2 ပတ်ထက်ကြာအောင် ဝမ်းချုပ်ခြင်း စတာတွေ ဖြစ်လာရင် မပေါ့ဆဘဲ ဆေးခန်းမှာ ပြသသင့်ပါတယ်။

        ဖြစ်တတ်တဲ့ရောဂါတွေ : ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုး ဝင်ခြင်း၊ အူရောင်ရောဂါ၊ အူမကြီးကင်ဆာ။

 

5.      ခေါင်း အလွန်ကိုက်ခြင်း

          လူတိုင်းလူတိုင်းဟာ တစ်ခါတစ်ရံ ခေါင်းကိုက်တတ်ပါတယ်။ ဒီလို တစ်ကြိမ်နှစ်ကြိမ်ခန့် ခေါင်းကိုက်ခြင်းက ပြဿနာ မဟုတ်ပေမယ့် သာမန်ကိုက်တာထက် ပိုဆိုးပြီး ဖျားတာ၊ လည်ပင်း တောင့်နေတာ၊ ကယောင်ကတမ်းဖြစ်တာ၊ အားနည်းနေတာတွေနဲ့ တွဲဖြစ်လာပါက သတိထားသင့်ပါပြီ။ အထူးသဖြင့် အသက် 50 ကျော်သူတွေမှာ ပိုဂရုစိုက်ရပါမယ်။

        ဖြစ်တတ်တဲ့ရောဂါတွေ : လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောဖောင်းခြင်း၊ ဦးနှောက် အကြိတ်များ ဖြစ်ခြင်း။

 

6.      အလင်းတန်းတွေ ဖျတ်ခနဲ မြင်နေခြင်း

          ရုတ်တရက် အလင်းတန်းတွေ ဖြိုးခနဲ ဖျတ်ခနဲ မြင်နေရရင် အရေးပေါ်ဆရာဝန်နဲ့ ပြသကြည့်ပါ။ အရေးပေါ် ခွဲစိတ်မှုက မျက်လုံး ကန်းမသွားအောင် ကာကွယ်နိုင်မှာပါ။

        ဖြစ်တတ်တဲ့ရောဂါတွေ : မြင်လွှာ ကွာကျခြင်း။

 

7.      အမြင်အာရုံ၊ လှုပ်ရှားမှု၊ စကားပြောနိုင်စွမ်း စတဲ့ အာရုံတွေ ယာယီဆုံးရှုံးခြင်း

          လှုပ်ရှားလုပ်ကိုင်နိုင်စွမ်း၊ အမြင်အာရုံနဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်းတွေ ရုတ်တရက် ဆုံးရှုံးသွားခဲ့ရင် ချက်ချင်း ဆေးရုံပြေးသင့်ပါတယ်။

        ဖြစ်တတ်တဲ့ရောဂါတွေ : လေဖြတ်ခြင်း။

 

8.      ရင်ပြည့်ခြင်း

          နည်းနည်းစားရုံမျှနဲ့ ဗိုက်ပြည့်နေတတ်ပြီး ပျို့ချင် အန်ချင်လည်း ဖြစ်နေပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ပြသသင့်ပါတယ်။

        ဖြစ်တတ်တဲ့ရောဂါတွေ : အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ၊ သားဥအိမ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ။

 

9.      စိတ်အာရုံ ပြောင်းလဲလာခြင်း

          သာမန် စိတ်ညစ် စိတ်တိုနေတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ လုပ်မိလုပ်ရာ လုပ်နေခြင်း၊ ကယောင်ကတမ်း ဖြစ်နေခြင်း၊ မရှိတာကို အရှိထင်နေခြင်း၊ ရုတ်တရက် ကြမ်းတမ်းလာခြင်း စတဲ့ ထူးထူးခြားခြား စိတ်အပြောင်းအလဲတွေ ဖြစ်လာပါက သတိထားရပါတော့မယ်။

        ဖြစ်တတ်တဲ့ရောဂါတွေ : လေဖြတ်ခြင်း၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ခေါင်း ဒဏ်ရာရခြင်း၊ သွေးအချိုဓာတ် လျော့နည်းခြင်း။

 

10.    အလွန်အမင်း ရေငတ်ခြင်း

          ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝနေဖို့ အလွန်အရေးကြီးတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေ ရေတွေ အများကြီး သောက်ပြီးတာတောင် ရေဆာဆာနေတုန်းဆိုရင်တော့ ရောဂါတစ်ခုခု ရှိနေနိုင်ပါပြီ။

        ဖြစ်တတ်တဲ့ရောဂါတွေ : ဆီးချို၊ ကိုယ်တွင်း သွေးထွက်နေခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ အသည်း ပျက်စီးခြင်း၊ နှလုံး ပျက်စီး အားနည်းခြင်း။

Dr. Mya Phoo Ngon (www.drmyanmar.com)